(၁၀) ကြိမ်မြောက် စိန့်ပီတာဇဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်ကျင်းပ

(၁၀) ကြိမ်မြောက် စိန့်ပီတာဇဘတ် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ် (10th St. Petersburg International Legal Forum) ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာဇဘတ်မြို့တွင် ဇွန် ၂၈ ရက်မှ ဇူလိုင် ၁ ရက်အထိကျင်းပခဲ့ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီး H.E.Mr. Konstantin ChuyChenko ၏ ဖိတ်ကြား ချက်အရ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ်တွင် “နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည့် တရားမျှတရေးဆိုင်ရာဝန်ဆောင်မှု” (State Justice in the Service of a Human) ခေါင်းစဉ်ဖြင့် ဥပဒေစကားဝိုင်းဆွေးနွေးကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးအပါအဝင် အခြားသောနိုင်ငံများမှ တရားရေး ဝန်ကြီးများနှင့်အတူ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက Panelist Speaker အဖြစ်  “နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည့် တရားမျှတရေးဆိုင်ရာ ဝန်ဆောင်မှု” (State Justice in the Service of a Human) ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ရာတွင်-

  • မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိကိုယ်တိုင်ပါဝင်သည့် အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်း၍ဖြစ်စေ ကျင့်သုံးဆောင်ရွက်နိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။
  • မိမိတို့ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် အများပြည်သူအတွက် ဥပဒေဝန်ဆောင်မှုပေးအပ်နိုင်ရေး၊ တရားမျှတမှုရရှိရေးနှင့် ဥပဒေအသိပညာပေးရေး (Legal Advocacy) ကို တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
  • တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Rule of Law and Justice Coor-dinating Body) ကို ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တရားသူကြီးများ၊ ရှေ့နေများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့မှ ကိုယ်စားလှယ် များဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ပြည်သူ့အတွက် တရားမျှတမှုရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း။
  • ယခုဖိုရမ်မှ နိုင်ငံတကာ၏ဆွေးနွေးချက်များအပေါ် မိမိအနေဖြင့် ဥပဒေဗဟုသုတများ တိုးပွားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်နိုင်မှုများ တိုးမြှင့်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတရားရေးဝန်ကြီး H.E.Mr. Konstantin ChuyChenko နှင့် နှစ်နိုင်ငံဥပဒေရေးရာကိစ္စရပ်များ ဆွေးနွေးသည့်အစည်းအဝေး (Bilateral Meeting) သို့ ဆက်လက်တက်ရောက်ခဲ့ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးမှ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုအတွက် နှစ်နိုင်ငံဝန်ကြီးဌာနအကြား ဥပဒေသုတေသနပြုမှု လုပ်ငန်းကိစ္စများ၊ ဥပဒေဗဟုသုတနှင့် အမြင်ချင်းဖလှယ်ခြင်းအတွက် ဆွေးနွေးပွဲများ ကျင်းပရန်တို့ပါဝင်သော နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်မည့်ကိစ္စကိုကမ်းလှမ်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က နှစ်နိုင်ငံဥပဒေရေးရာကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဥပဒေဘောင်အတွင်းနေထိုင်ခြင်းနှင့် ကမ္ဘာ့နိုင်ငံများ၏ ဥပဒေများ ခေါင်းစဉ်ဖြင့်ဖိုရမ်၏ Plenary Session သို့ ဆက်လက်တက်ရောက်ခဲ့ပြီး စီးပွားရေးဆိုင်ရာဥပဒေများနှင့် အရေးယူပိတ်ဆို့မှုများ၊ ပြည်သူနှင့် ဥပဒေ၊ နိုင်ငံတကာဆက်ဆံရေးဥပဒေ၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာဥပဒေများ ပြုပြင်ပြောင်းလဲခြင်း၊ တရားဥပဒေစိုးမိုးရေးအတွက် စည်းမျဉ်းစည်းကမ်းများ လိုက်နာအကောင်အထည်ဖော်ခြင်း၊ တရားမျှတမှုရရှိရေးနှင့် တရားစွဲဆိုခြင်း စသည့်ဥပဒေဘာသာရပ်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။  

  • မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိကိုယ်တိုင်ပါဝင်သည့် အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်း၍ဖြစ်စေ ကျင့်သုံးဆောင်ရွက်နိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိ။
  • နှစ်နိုင်ငံဥပဒေရေးရာကိစ္စရပ်များ ဆွေးနွေးသည့်အစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်အား ဥပဒေ ဗဟုသုတနှင့် အမြင်ချင်းဖလှယ်ခြင်းအတွက် ဆွေးနွေးပွဲများ ကျင်းပရန်တို့ပါဝင်သော နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေး ထိုးနိုင်မည့်ကိစ္စကို ကမ်းလှမ်းခဲ့။

Add new comment