နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇွန်လ ၂၆ ရက်တွင် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဘုရားသွားလမ်း စံပယ်လမ်းဝဲယာ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

သစ်ပင်စိုက်ပျိုးပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်-

  • ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ မြို့ပြနှင့်ကျေးလက်များ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပစေရန်၊ ပြည်သူများအပန်းဖြေနားနေစရာ စိမ်းလန်းမြေများဖွံ့ဖြိုးလာစေရန်နှင့် သစ်တောဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ နိုင်ငံနှင့်အဝှမ်းကျင်းပနေကြခြင်းဖြစ်ကြောင်း။
  • မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုသည် ၂၀၀၀ ပြည့်နှစ်၌ နိုင်ငံဧရိယာ၏ ၅၂ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည့်အတွက် သစ်တောဖုံးလွှမ်းမှုပိုမိုလျော့နည်းမသွားစေရေး၊ သစ်တောမြေမှ အခြားမြေအဖြစ်ပြောင်းလဲအသုံးချမှုမရှိစေရေးတို့အတွက် သစ်တောမူဝါဒများနှင့်အညီ တာဝန်ရှိသူများနှင့် နိုင်ငံသားများအားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန် အသိပေးတိုက်တွန်းလိုကြောင်း။
  • နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် မြို့ပြသစ်တော စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများကို ၂၀၀၆ -၂၀၀၇ ခုနှစ်များမှစတင်ပြီး ထိထိရောက်ရောက်ဆောင်ရွက်ခဲ့သည့်အတွက် စိမ်းလန်းစိုပြေသည့်ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ပြီး နွေရာသီတွင်အပူချိန်လျော့နည်းခဲ့ခြင်း၊ မျှတသည့်ရာသီဥတုကို ရရှိခဲ့ခြင်းများကြောင့် စိမ်းလန်းပြီး သန့်ရှင်းသည့် မြို့ပြတစ်ရပ်တည်ထောင်နိုင်ခဲ့ခြင်း၏ အကျိုးရလဒ်အဖြစ် လက်တွေ့ခံစား သိမြင်နိုင်ကြသည်ကို အားလုံးအသိဖြစ်ကြောင်း။
  • ယနေ့သစ်ပင်စိုက်ပျိုးပွဲပြုလုပ်သည့်နေရာသည် ကမ္ဘာတွင်အကြီးဆုံးဖြစ်လာမည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတည်ရှိရာသို့ နေပြည်တော်မှဝင်ရောက်ရာ အဓိကလမ်းဖြစ်သော စံပယ်လမ်းဖြစ်ကြောင်း၊ ယင်းလမ်းကို အမြဲတမ်းစိမ်းလန်းသာယာစေရန် ပန်းကိုအခြေခံသည့်နှစ်ရှည်ပင်များဖြစ်သော ကံ့ကော်၊ စိန်ပန်းနှင့် ခရေပင်များ စိုက်ပျိုးခြင်းဖြစ်ပြီး ယခုလမ်းကြီးကို ၄ လမ်းသွား အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း။
  • နေပြည်တော်ကို သစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြေပြီး သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပသည့် Green and Clean City အဖြစ် ရှေရှည်တည်ထောင်နိုင်ရေးနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ပတ်ဝန်းကျင်ရေရှည်ကောင်းမွန်သည့် Green and Clean Cities များ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြော်အမြင်ကြီးကြီးဖြင့် အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း။
  • နိုင်ငံတော်အစိုးရအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးလှုပ်ရှားမှု (Green Campaing)များ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ယခုကဲ့သို့ ကျောင်းသား၊ ကျောင်းသူ လူငယ်မျိုးဆက်သစ်များကို ပူးပေါင်းပါဝင်စေခြင်းသည် အနာဂတ်မျိုးဆက်သစ်များအတွက် သစ်ပင်သစ်တောများနှင့် ပိုမိုစိမ်းလန်းစိုပြေပြီး ကျန်းမာပျော်ရွှင်ဖွယ်ကောင်းသော၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော၊ သန့်ရှင်းကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့်ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရေးသည် အရေးကြီးသည်ဆိုသည့် အသိစိတ်ကိုရရှိစေကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီးတို့က ကံ့ကော်ပင်များကို သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများသည် စံပယ်လမ်းဝဲယာ၌ ပျိုးပင်များကို အသီးသီးစိုက်ပျိုးပေးခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက တပျော်တပါးဖြင့် ပျိုးပင်များစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရ ပါသည်။

  • ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ မြို့ပြနှင့် ကျေးလက်များ စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပစေရန်၊ ပြည်သူများအပန်းဖြေနားနေစရာ စိမ်းလန်းမြေများဖွံ့ဖြိုးလာစေရန်နှင့် သစ်တောဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ နိုင်ငံနှင့်အဝှမ်း ကျင်းပနေကြခြင်းဖြစ်။
  • ယခုကဲ့သို့ ကျောင်းသား၊ ကျောင်းသူ လူငယ်မျိုးဆက်သစ်များကို ပူးပေါင်းပါဝင်စေခြင်းသည် အနာဂတ်မျိုးဆက်သစ်များအတွက် သစ်ပင်သစ်တောများနှင့် ပိုမိုစိမ်းလန်းစိုပြေပြီး ကျန်းမာပျော်ရွှင်ဖွယ်ကောင်းသော၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော၊ သန့်ရှင်းကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့်ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရေးသည် အရေးကြီးသည်ဆိုသည့်အသိစိတ်ကိုရရှိစေ။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီးတို့က ကံ့ကော်ပင်များကို သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးခဲ့ကြ။

Add new comment