နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်း ဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ဇွန်လ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့က ချောင်းဦးမြို့တွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် မဆင်မခြင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သော်လည်း ၎င်းတို့၏ မဆင်မခြင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တမာမြိုင်ရပ်ကွက်ရှိလူနေအိမ်များပေါ်သို့ လက်လုပ်စိန်ပြောင်းကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါရပ်ကွက်နေအပြစ်မဲ့ပြည်သူ အမျိုးသမီး ၂ ဦး သေဆုံး၍ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ချောင်းဦးမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သော အရပ်ဘက်နေအိမ်အဆောက်အဦများ၊ အရပ်သားပြည်သူများအပေါ် ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းတို့ကို မထောက်ခံသော ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့မှုအပေါ် ပြည်သူလူထုတစ်ရပ်လုံးက အဆိုပါအကြမ်းဖက်အဖွဲ့ကို ရွံရှာမုန်းတီး၍ ဆန့်ကျင်လျက်ရှိပါသည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့ရွာများအတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့်ပစ်ခတ်ကာ အပြစ်မဲ့ပြည်သူများအား ထိခိုက်ဒဏ်ရာရရှိသေဆုံးစေခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိ ပါသည်။
- PDF အကြမ်းဖက်အဖွဲ့က ချောင်းဦးမြို့တွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် မဆင်မခြင်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၂ ဦး သေဆုံး၍ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ဒဏ်ရာရှိ။
Add new comment