ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသည့် (၁၆)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၂ ရက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဦးစီးကျင်းပသည့် (၁၆)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (16th ADMM) သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၊ ကာကွယ်ရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တို့နှင့်အတူတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံမှ အဆိုပြုတင်သွင်းသည့် နယ်စပ်ဖြတ်ကျော်ကမ္ဘာ့ကပ်ရောဂါထိန်းချုပ်ရေးတွင် အာဆီယံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အာဆီယံငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ အမျိုးသမီးတပ်ဖွဲ့ဝင်များအတွက် ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်မြှင့်တင်ရေးနှင့် အာဆီယံကာကွယ်ရေးဆိုင်ရာ ပညာရေးကျောင်းများ၏ ပူးပေါင်းဆောင်ရွက်မှုထူထောင်ရေး  သဘောထားအမြင်စာတမ်းများအားလည်းကောင်း၊ အရှေ့တောင်အာရှပင်လယ်ရေကြောင်း တရားဥပဒေစိုးမိုရေးနှင့် အာဆီယံအပေါင်းကာကွယ်ရေးဝန်ကြီးများ၏ ပင်လယ်ရေကြောင်းလုံခြုံရေးနယ်ပယ်တို့အကြား သတင်းအချက်အလက်မျှဝေမှုမြှင့်တင်ရေးဆိုင်ရာဆွေးနွေးမှုစာတမ်းနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကိုတိုးမြှင့်ရန် စစ်သမိုင်းကိုပုံဖော်ဆောင်ရွက်မှုပြုခြင်း ဆွေးနွေးမှုစာတမ်း၊ စင်ကာပူနိုင်ငံမှ အဆိုပြုတင်သွင်းသည့် ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်ဗဟိုဌာနဆိုင်ရာ ရည်ညွှန်းကိုးကားစာစောင်များကို သဘောတူအတည်ပြုခြင်း၊ ဟန်ချက်ညီလုံခြုံရေးအတွက် ပေါင်းစည်းညီညွတ်မှုခိုင်မာစေမည့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံကာကွယ်ရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ကြေညာချက်ကို အတည်ပြုထုတ်ပြန်ခဲ့ခြင်းများအားဆောင်ရွက်ခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။

အစည်းအဝေးအပြီးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများသည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်အား ဖနောင်ပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် သွားရောက်တွေ့ဆုံဂါဝရပြုခဲ့ကြပါသည်။

ဆက်စပ်အစည်းအဝေးများအနေဖြင့် အာဆီယံ-ဂျပန်ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေး၊ အာဆီယံ-တရုတ်ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘောရုပ်သံအစည်းအဝေးများကို ဆက်လက်ကျင်းပပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေဖုန်းဟေ (We Fenghe)၊ ဂျပန်နိုင်ငံကာကွယ်ရေးဝန်ကြီးကီရှိနိုဘူ (KISHI Nobuo)၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးများတက်ရောက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ဇွန်လ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့သွားရောက်၍ မြန်မာသံရုံး၊ စစ်သံရုံးတို့မှမိသားစုဝင်များ၊ ကမ္ဘောဒီးယားနိုင်ငံတွင် ခမာဘာသာစကားသင်တန်းတက်ရောက်နေသည့် မြန်မာသင်တန်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် (၁၆)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်၍ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ပါဝင်ဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံနှင့်တပ်မတော်၏ သဘောထားရပ်တည်မှုနှင့် အကောင်အထည်ဖော်နေမှုများ၊ အာဆီယံဒေသတွင်း ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဖော်ဆောင်မှုကိစ္စရပ်များ၊ ရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ဆောင်ရွက်နေမှုနှင့်ရပ်တည်မှုကို ဖော်ပြဆွေးနွေးနိုင်ခဲ့သည့်အပြင် ဒေသတွင်းကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအမြင်များကို ပူးပေါင်းဖလှယ်ခွင့်နှင့် ဆွေးနွေးခွင့်များရရှိစေခဲ့ပြီး အခြားအာဆီယံနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဖော်ဆောင်နိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

  • (၁၆) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံမှ အဆိုပြုတင်သွင်းသည့် သဘောထားအမြင်စာတမ်း ၃ စောင်၊ ဆွေးနွေးမှုစာတမ်း ၂ စောင်နှင့် စင်ကာပူနိုင်ငံမှ အဆိုပြုတင်သွင်းသည့် ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်ဗဟိုဌာနဆိုင်ရာ ရည်ညွှန်းကိုးကား စာစောင်များကို သဘောတူအတည်ပြုခြင်းများဆောင်ရွက်ခဲ့ပြီး ဟန်ချက်ညီလုံခြုံရေးအတွက် ပေါင်းစည်းညီညွတ်မှုခိုင်မာစေမည့် ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အာဆီယံကာကွယ်ရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ကြေညာချက်ကို အတည်ပြုထုတ်ပြန်ခဲ့။
  • ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် (၁၆)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်တပ်မတော်၏ သဘောထားရပ်တည်မှုနှင့် အကောင်အထည်ဖော်နေမှုများ၊ အာဆီယံဒေသတွင်း ကာကွယ်ရေးဆိုင်ရာလုပ်ငန်းဖော်ဆောင်မှုကိစ္စရပ်များ၊ ရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ဆောင်ရွက်နေမှုနှင့်ရပ်တည်မှုကို ဖော်ပြဆွေးနွေးနိုင်ခဲ့သည့်အပြင် ဒေသတွင်းကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအမြင်များကို ပူးပေါင်းဖလှယ်ခွင့်နှင့် ဆွေးနွေးခွင့်များရရှိစေခဲ့ပြီး အခြားအာဆီယံနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဖော်ဆောင်နိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့။

Add new comment