တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr.Chen Hai နှင့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)မှ ဒုတိယ ဥက္ကဋ္ဌ(၂) ဦးပြည့်စုံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သံအမတ်ကြီး Mr.Chen Hai က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအဆင့်ဆင့်သို့ အမေရိကန်ဒေါ်လာ ၃ သိန်းနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)သို့ အမေရိကန်ဒေါ်လာ ၂ သိန်း ပေးအပ်လှူဒါန်းရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များကို သံအမတ်ကြီး  Mr.Chen Hai ထံ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် သံအမတ်ကြီး Mr.Chen Hai တို့တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

  • မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအဆင့် ဆင့်သို့ အမေရိကန် ဒေါ်လာ ၃ သိန်းနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)သို့ အမေရိကန်ဒေါ်လာ ၂ သိန်း ပေးအပ်လှူဒါန်းခဲ့။