ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တစ်ဝိုက် ထိတွေ့တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည်ဝင်ရောက်

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တစ်ဝိုက် ရောက်ရှိနေသည့် NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှ စတင်၍ KNU/ KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားပြီး NCA ကို ပျက်စီးစေလိုသည့် ခေါင်းဆောင်အချို့ပါဝင်သောအဖွဲ့၊   NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါဒေသမှ အပြစ်မဲ့ပြည်သူများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

အဆိုပါဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိသည့်အတွက် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် ကရင်ဘာသာ၊ မြန်မာဘာသာ  စကားများဖြင့် ပြန်လည်ဖိတ်ခေါ်ခြင်း၊ ထိုင်း-မြန်မာ နယ်ခြားကော်မတီများမှ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခြင်းများ ကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများအနက်မှ ဒီဇင်ဘာလ ၂၉ ရက်တွင် အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ မယ်ထော်သလေးနှင့် မေတ္တာလင်းမြိုင် ကျေးရွာတို့တွင်နေထိုင်သူ အမျိုးသား ၈၀၇ ဦး၊ အမျိုးသမီး ၉၀၁ ဦး၊ စုစုပေါင်း ၁,၇၀၈ ဦးတို့သည် ၎င်းတို့နေရပ်သို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးရလဒ်၏ ပြယုဂ်တစ်ခုဖြစ်သော လေးကေ့ကော်မြို့သစ်တွင် KNU အဖွဲ့မှ ကိုယ်ကျိုးစီးပွားရှာလိုသော ခေါင်းဆောင်အချို့သည်  နိုင်ငံတကာအထောက်အပံ့ရရှိရန် လူသားခြင်းစာနာမှုအကြောင်းပြ၍ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များကို လက်ခံထားသည့်အတွက် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လေးကေ့ကော်မြို့သစ်၏ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ပါသည်။ ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  NUG နှင့် PDF အကြမ်းဖက်အဖွဲ့များကို ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ပြီး နယ်မြေတည်ငြိမ်အေးချမ်းလာသဖြင့် NUG၊ PDF အကြမ်းဖက်အဖွဲ့တို့နှင့် မသက်ဆိုင်သည့် ဒေသခံပြည်သူများသည် ထွက်ပြေးတိမ်းရှောင်နေရာမှ နေ့စဉ်ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိပါသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျလက်ခံခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရှိရပါသည်။

  •  တိုက်ပွဲများဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သဖြင့် အဆိုပါဒေသမှ ထွက်ပြေးတိမ်းရှောင်နေသော အပြစ်မဲ့ပြည်သူများသည် ၎င်းတို့နေရပ်သို့ ပြန်လည်ဝင်ရောက်လာခဲ့။