နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (PNLO) မှ ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင် ဦးဆောင်သည့်ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ဇွန်လ ၁၆ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။

 ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-

  • ပြည်ထောင်စုနိုင်ငံတော်အတွင်း၌ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းမှုရှိစေရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ။
  • ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲ မှုများရှိမည်ဖြစ်သော်လည်း ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရန်လိုသည့် အခြေအနေများ။
  • ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီးဖြစ်သင့် ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာအကြေအလည်ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုအကျိုးကိုရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုသည့် အခြေအနေများ။
  • ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

ထို့နောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ (၁)နှင့်အဖွဲ့ဝင်များက ယခုကဲ့သို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးခွင့်ရသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)အနေဖြင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းကို အစဉ်လက်ခံထားသည့် အခြေအနေများနှင့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့်ပတ်သက်၍ သဘောထားတူညီချက်အမြင်များကို ပြန်လည်ဆွေးနွေး၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြခဲ့ပြီးနောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့တက်ရောက်ကြပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁)နှင့်အတူ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ခွန်မင်းသိန်းနှင့် ဗဟိုကော်မတီဝင် ခွန်ဇွဲထိုရ်တို့တက်ရောက်ခဲ့ကြပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သည့်ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးခဲ့။
  • ပြည်ထောင်စုနိုင်ငံတော်အတွင်း၌ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းမှုရှိစေရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
  • ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ (၁)နှင့် အဖွဲ့ဝင်များက ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းကို အစဉ်လက်ခံထားသည့်အခြေအနေများနှင့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့်ပတ်သက်၍ သဘောထား တူညီချက်အမြင်များကို ပြန်လည်ဆွေးနွေးခဲ့။

Add new comment