ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကို ဇွန်လ ၁၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ မာစွတ်ဘင်မိုမမ် (Mr. Masud Bin Momen) တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးတွင်-
- နေရပ်စွန့်ခွာသူများကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ဆောင်ရွက်နေမှုနှင့်စိစစ်ပြီး နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးလုပ်ငန်း စတင်နိုင်ရန်အတွက် အစီအမံများ ပြင်ဆင်ဆောင်ရွက်နေမှုလုပ်ငန်းများ။
- ပြန်လည်ဝင်ရောက်လာသူများကို ပြန်လည်နေရာချထားရေးအစီအမံများ၊ ပြန်လည်ဝင်ရောက်လာမည့်သူများ မိမိဆန္ဒအလျောက် နေရပ်ပြန်စေရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများ။
- ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရာတွင် နှစ်နိုင်ငံအကြားလက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များနှင့်သာမက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လက်ခံနိုင်ရေးကိစ္စရပ်များကို နှစ်နိုင်ငံအကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်၌ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်ထားရှိမှုများ၊ ပြန်လည်လက်ခံရေးစခန်းများ၊ ကြားစခန်းနှင့် နေရာချထားပေးမည့် ကျေးရွာများရှိ နေအိမ်များကို ပြန်လည်မွမ်းမံပြင်ဆင်နေမှုအခြေအနေများ၊ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ကောင်းမွန်သည့်ပတ်ဝန်းကျင်ဖန်တီးပေးရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွင် မိတ်ဖက်နိုင်ငံများ၊ အာဆီယံနှင့်ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
- ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပပြုလုပ်ခဲ့။
- နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရာတွင် ပြန်လည်နေရာချထားရေး အစီအမံများ၊ ပြန်လည်ဝင်ရောက်လာမည့်သူများ မိမိဆန္ဒအလျောက် နေရပ်ပြန်စေရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများကို နှစ်နိုင်ငံအကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- မြန်မာကိုယ်စားလှယ်အဖွဲ့က ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့။
Add new comment