PDF အကြမ်းဖက်သမားများ၏ ပညာရေးကဏ္ဍအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ

 

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် စာသင်ကျောင်းများကို ဇွန်လ ၂ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့်ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသောရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်းနှင့် မိုင်းထောင်ဖောက်ခွဲခြင်း စသည့်နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိပါသည်။

  • ဇွန်လ ၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြကျောင်းဆရာဖြစ်သည့် ဦးချိန်မင်း (၃၀)နှစ်သည် ၎င်း၏နေအိမ်၌ မူလတန်းကလေးငယ်များအား စာသင်ကြားပေးနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက နေအိမ်ပေါ်သို့တက်လာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့။

  • ဇွန်လ ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အလယ်ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းသို့ လမ်းပေါ်မှနေ၍ ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူအမျိုးသား ၂ ဦးက လက်လုပ်အသံဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ ကျောင်းဝင်းအတွင်းရှိ သုခဝတီဆောင်နှင့် အုတ်တံတိုင်းကြားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အဦ ထိခိုက်မှုမရှိ။

  • ဇွန်လ ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ၁၀ တန်းကျောင်းဆောင်ရှေ့ရှိ စာသင်ခုံပေါ်၌ ဆန့်ကျင်ခြိမ်းခြောက်စာများပါရှိသည့် စာရွက် ၁ ရွက်အားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာနေ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသက်လွင်ဦးထံသို့ ကျည်ဆန် ၁ တောင့်နှင့် LLPDF တံဆိပ်ပါ ခြိမ်းခြောက်စာ ၁ စောင်အားလည်းကောင်းပေးပို့ခဲ့။

  • ဇွန်လ ၉ ရက်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဘိုကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အုတ်တံတိုင်းအနီး၌လည်းကောင်း၊ ဇွန်လ ၁၀ ရက် တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ဝင်ပေါက်အနီး၌လည်းကောင်း၊ ဘဲလမုကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲဝင်ပေါက်အနီး၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ကျွန်းချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဝင်ပေါက်အနီး၌လည်းကောင်း၊ NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက “ကလေးသူငယ်များ ပညာသင်ကြားပေးနေမှုများအား ရပ်တန့်ရန်၊ တာဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဝန်ထမ်းများ CDM ပြုလုပ်ရန်နှင့် CDM မပြုလုပ်ပါက ပညာရေးဝန်ထမ်းများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကိုလုံးဝတာဝန်ယူမည်မဟုတ်ကြောင်း” အကြမ်းဖက်အဖွဲ့များ၏ အမည်များဖြင့် ခြိမ်းခြောက်ရေးသားထားသည့် ခြိမ်းခြောက်စာများအား ကျည်ဆန်များနှင့်အတူ လာရောက်ထားရှိ။

  • ဇွန်လ ၁၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းအား PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ လက်လုပ်ဗုံးမှာ ကျောင်းဝင်ပေါက်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိ။

          ယခုကဲ့သို့ လူငယ်လူရွယ်များ၏ အနာဂတ်အတွက် ပညာသင်ကြားမှုများကို မပြုလုပ်နိုင်စေရန်ရည်ရွယ်၍ ဆရာ၊ ဆရာမများအား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ကျောင်းအဆောက်အဦများနှင့် အခြားအုပ်ချုပ်မှုအဆောက်အဦများအား လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သူများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိပါသည်။

  • NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အကြမ်းဖက်သမားများက ကျောင်းဆရာတစ်ဦးအား အကြောင်းမဲ့သတ်ဖြတ်၍ အခြေခံပညာကျောင်းများအား လက်လုပ်မိုင်းများဖြင့် အကြမ်းဖက်ပစ်ခတ်ဖောက်ခွဲခဲ့သည့်အပြင် ကျောင်းများသို့ ခြိမ်းခြောက်စာများ ပေးပို့ခဲ့။

Add new comment