နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်တို့သည် ဇွန်လ ၉ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အသီးသီးလက်ခံတွေ့ဆုံခဲ့ပါသည်။
- နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်သည့် ကိစ္စရပ်များသည် နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်အဖြစ် ပုံဖော်မှုမပြုသင့်ကြောင်း၊ အာဆီယံ၏ တူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး H.E. Dr. KUNG Phoak က မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ အပြုသဘောဆောင်ဆွေးနွေးညှိနှိုင်းသင့်ပြီး ဖယ်ကြဉ်ထားခြင်းကို မပြုလုပ်သင့်ဟု ကမ္ဘောဒီးယားနိုင်ငံမှ ယူဆကြောင်း၊ အာဆီယံ၏ တူညီဆန္ဒ(၅)ချက်၏ စတုတ္ထအချက်အား အကောင်အထည်ဖော်ဆောင်ရာတွင် လိုအပ်ချက်ဆန်းစစ်ခြင်းလုပ်ငန်းများအပါအဝင် ဖြစ်ပေါ်တိုးတက်မှုများကို ကျေနပ်အား ရကြောင်း၊ ကျန်ရှိသည့်အချက်များနှင့်ပတ်သက်၍ အပြန်အလှန်သဘောတူညီပြီး အဆင်ပြေမည့်နည်းလမ်းများဖြင့် အကောင်အထည်ဖော်ဆောင်သွားရန် ဆွေးနွေးပြောကြားခဲ့။
- အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာ၌ လက်တွေ့ကျ၍ အမှန်တကယ်လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက် များကို အကောင်အထည်ဖော်ရေး မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကူအညီများအား ခွဲခြားမှုမရှိဘဲ အမှန်တကယ်လိုအပ်နေသည့် ပြည်သူများထံသို့ရောက်ရှိရေး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး H.E. Dr. KUNG Phoak က မြန်မာနိုင်ငံသို့ လူသား ချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်သည့် လုပ်ငန်းစဉ်တစ်လျှောက်၌ လိုအပ်ချက်ဆန်းစစ်ခြင်းအပါအဝင် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး မြန်မာနိုင်ငံဘက်မှ ကူညီဆောင်ရွက်ပေးခဲ့မှုများအတွက် အသိအမှတ်ပြုကြောင်း ပြောကြားပြီး အာဆီယံ၏ တူညီဆန္ဒ(၅)ချက်အနက် စတုတ္ထအချက် အကောင်အထည်ဖော်ရန် ရှေ့ ဆက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
- နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌအနေဖြင့် အာဆီယံ၏တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကို အစဉ်တစိုက် အကူအညီပေးနေမှုများ အပေါ် အသိအမှတ်ပြုကြောင်း၊ မမျှော်မှန်းနိုင်သည့် အခက်အခဲများကြောင့် အာဆီယံ၏ တူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်အတွက် လုံလောက်သည့် အချိန်လိုအပ်ကြောင်းနှင့် ထိရောက်သောတိုးတက်မှုများ ပေါ်ထွက်လာစေရန် လုပ်ငန်းစဉ်အားလုံးသည် လက်တွေ့ကျရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး H.E. Dr. KUNG Phoak က ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာအစိုးရနှင့်ပူးပေါင်း၍ အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။
တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
- မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းလျက်ရှိ။
- မြန်မာနိုင်ငံ၌ ဖြစ်ပေါ်သည့် ကိစ္စရပ်များသည် နိုင်ငံ၏ပြည်တွင်းရေးသာဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်အဖြစ် ပုံဖော်မှုမပြုသင့်။
- မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ အပြုသဘောဆောင်ဆွေးနွေးညှိနှိုင်းသင့်ပြီး ဖယ်ကြဉ်ထားခြင်းကို မပြုလုပ်သင့်ဟု ကမ္ဘောဒီးယားနိုင်ငံမှ ယူဆ။
- ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာအစိုးရနှင့်ပူးပေါင်း၍ အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်။
Add new comment