နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များ၊ ပရဟိတ အသင်းအဖွဲ့များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် -

  • ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးသည် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ် ဆောင်ရွက်နေကြသည်ဖြစ်သဖြင့် မိမိတို့အနေဖြင့်လည်း ရပ်တန့်နေ၍မရဘဲ လုပ်သင့်လုပ်ထိုက်သည်များအားလုံးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများကြွယ်ဝသည့် မျိုးဆက်သစ်ပညာတတ်လူသားအရင်းအမြစ်များ များစွာမွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း၊ အတန်းပညာရှိမှသာလျှင် အတတ်ပညာကို တတ်မြောက်အောင် သင်ကြားနိုင်မည်ဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း။
  • ယခင်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သဖြင့် ပညာသင်ကြားမှုများ ခေတ္တရပ်တန့်ခဲ့ရပြီး ယခုအခါနိုင်ငံတော်အစိုးရမှ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးပြီး ပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်ပေးထားသည့်အခါတွင်လည်း အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများကို ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ အစိုးရမှ ထောက်ပံ့ပေးသည့် သင်ကြားမှု၊ သင်ယူမှု အထောက်အကူပြုပစ္စည်းများနှင့် ပညာရေးအဆောက်အဦများကို ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို စိတ်မကောင်းဖြစ်ဖွယ် ကြားသိနေရကြောင်း။
  • အကြမ်းဖက်သမားများအနေဖြင့် ထိုသို့ဆောင်ရွက်နေခြင်းမှာ နိုင်ငံကိုဖျက်ဆီးနေခြင်းပင်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် နိုင်ငံတော်အတွက် များစွာနစ်နာမှုများဖြစ်ပေါ်စေကြောင်း။
  • နိုင်ငံတစ်နိုင်ငံကို တည်ဆောက်မောင်းနှင်ကြရာတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားဟူ၍ မောင်းနှင်အား သုံးမျိုးရှိကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှု၊ စည်းလုံးမှုရှိပါက နိုင်ငံရေးအားကောင်းမွန်ပြီး စစ်ရေးအင်အား၊ လုံခြုံရေးအင်အားကောင်းမွန်ပါက ကာကွယ်ရေးအင်အား ကောင်းမွန်မည်ဖြစ် ကြောင်း၊ ၎င်းအင်အားနှစ်ခု ကောင်းမွန်ရန်အတွက် အခြေခံမှာ စီးပွား ရေးအင်အားဖြစ်၍ စီးပွားရေးမောင်းနှင်အားသည် တိုင်းပြည်အတွက် အဓိကကျ ကြောင်း။
  • နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်ပြီး ယခင်အစိုးရအဆက်ဆက်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေရိက္ခာပေါများရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် ရေခံ၊ မြေခံကောင်းများရှိသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်သော်လည်း စိုက်ပျိုးရေးလုပ်ငန်းများတွင် အထွက်နှုန်းများ နည်းနေသေးသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်၍ တစ်ဧကချင်းအထွက်နှုန်းများ ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ကြရန်လိုကြောင်း။
  • မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်မှစ၍ နိုင်ငံရေးစနစ် အမျိုးမျိုးဖြင့် လျှောက်လှမ်းခဲ့ပြီး ယခုအခါ ပြည်သူများလိုလားသည့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သော ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန် ဖော်ဆောင်ရမည်ဖြစ်ပြီး တစ်ဆက်တည်းတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနိုင်ရမည်ဖြစ်ကြောင်း။
  • ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားသည့် တိုင်းနှင့်ပြည်နယ်များ၊ လူမျိုးစုများ စုစည်းလုပ်ကိုင်ခွင့်များကို ပေါင်းစည်းနေထိုင်သည့် အယူအဆ၊ မျှဝေခံစားသည့် အယူအဆဟု မှတ်သားဖူးကြောင်း၊ ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေသည့် နိုင်ငံများသည်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ အုပ်ချုပ်မှုပုံစံများ မတူညီကြဘဲ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် အုပ်ချုပ်ရေးစနစ်ကိုသာ ကျင့်သုံးနေကြကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း သဘောထားကွဲပြားမှုကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း။
  • ငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရာတွင် အဆင်ပြေမှုများရှိခဲ့ပြီး ကောင်းမွန်သည့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်၍ နိုင်ငံငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • နိုင်ငံရေးအရ သဘောထားကွဲလွဲမှုကို အကြောင်းပြ၍ အကြမ်းဖက်သတ်ဖြတ်မှုများဆောင်ရွက်နေသူများကို ဥပဒေနှင့်အညီ တရားဥပဒေစိုးမိုးရေး၌ ထိရောက် ဟန့်တားသည့် ပြစ်ဒဏ်များချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သတ်ဖြတ်မှုများကို နိုင်ငံတကာတွင်လည်း လက်မခံကြောင်း၊ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် မတည် ငြိမ်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် ဒီမိုကရေစီနည်းလမ်းများအရ ဥပဒေနှင့်အညီသာ အရေးယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
  • အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ အကြောင်းအမျိုးမျိုးဖြင့် တွေ့ဆုံဆွေးနွေးမှု မပြုနိုင်ကြကြောင်း၊ မိမိတို့သည် နိုင်ငံရေး ရည်မှန်းချက် နှစ်ရပ်အတိုင်း ခိုင်မြဲစွာဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဆွေးနွေးရန်ကျန်ရှိသည့် အဖွဲ့များအနေဖြင့် မိမိကမ်းလှမ်းထားသည့်အတိုင်း ထပ်မံဖိတ်ခေါ်ကြောင်း။
  • ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများကောင်းမွန်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး ပြည်သူများ၏ ယုံကြည်မှုရှိစေရေး နေထိုင်ပြုမှုဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

 ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက်ရေး စီမံကိန်းနှင့် တံတားတည်ဆောက်ရေးစီမံကိန်းရှိ ရန်ကုန်ဘက်ခြမ်း Main Bridge Pylon 2 နေရာတွင် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ် ဆေးခဲ့ပါသည်။

အဆိုပါ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက်ရေး စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအား စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တံတားအမျိုးအစားမှာ ကြိုးဆိုင်းတံတား (Cable– Stayed Bridge) အမျိုးအစားဖြစ်ပြီး တံတားတည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့မှ ဒလ၊ တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကာ လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများသည်လည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများကြွယ်ဝသည့် မျိုးဆက်သစ်ပညာတတ်လူသားအရင်းအမြစ်များ များစွာမွေးထုတ်ပေးနိုင်ရန်လိုအပ်၊ အတန်းပညာရှိမှသာလျှင် အတတ်ပညာကို တတ်မြောက်အောင် သင်ကြားနိုင်မည်ဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရ မည်ဖြစ်။
  • အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများကို ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ အစိုးရမှ ထောက်ပံ့ပေးသည့် သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြုပစ္စည်းများနှင့် ပညာရေးအဆောက်အဦများကို ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို စိတ်မကောင်းဖြစ်ဖွယ် ကြားသိနေရ။
  • နိုင်ငံတစ်နိုင်ငံကို တည်ဆောက်မောင်းနှင်ကြရာတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားဟူ၍ မောင်းနှင်အား သုံးမျိုးရှိ၊ နိုင်ငံရေးတည်ငြိမ်မှု၊ စည်းလုံးမှုရှိပါက နိုင်ငံရေးအားကောင်းမွန်ပြီး စစ်ရေးအင်အား၊ လုံခြုံရေးအင်အားကောင်းမွန်ပါက ကာကွယ်ရေးအင်အား ကောင်းမွန်မည်ဖြစ်၊ ၎င်းအင်အားနှစ်ခု ကောင်းမွန်ရန်အတွက် အခြေခံမှာ စီးပွားရေး အင်အားဖြစ်။
  • မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်မှစ၍ နိုင်ငံရေးစနစ်အမျိုးမျိုးဖြင့် လျှောက်လှမ်းခဲ့ပြီး ယခုအခါ ပြည်သူများလိုလားသည့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သော ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိ။
  • မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားတည်ဆောက်ရေး စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအား စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့။

Add new comment