နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၅ ရက်တွင် ကျင်းပခဲ့သော ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာတွင်-

  • ယနေ့ကျရောက်သည့် ၂၀၂၂ ခုနှစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ တစ်ခုတည်းသောကမ္ဘာမြေ (Only One Earth)” ဖြစ်ကြောင်း၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (United Nations Environment Programme–UNEP)က ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဆဋ္ဌမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် အခြေအနေဆန်းစစ်ခြင်း အစီရင်ခံစာတွင် လာမည့် ၂၀၅၀ ပြည့်နှစ် အထိကာလအတွင်း ကမ္ဘာ့မြို့ပြလူဦးရေသည် ဆက်လက်တိုးမြင့်နေပြီး မြို့ပြဖြစ်ထွန်းလာမှုကို စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းမရှိခဲ့ပါက လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများကို ကြုံတွေ့ရမည်ဖြစ်ကြောင်း။
  • ရာသီဥတုပြောင်းလဲမှုသည် အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအဟန့်အတား စိန်ခေါ်မှုတစ်ခုဖြစ်သဖြင့် အဆိုပါပြဿနာများကို အလေးထားဖြေရှင်းဆောင်ရွက်ကြရန် အရေးကြီးသည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးသက်ရောက်မှု များကို တားဆီးလျှော့ချနိုင်ရန် အလေးထားကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးပါဝင်ထားသည့် ကုလသမဂ္ဂရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းနှင့် ပါရီသဘောတူစာချုပ်များ၏ ပြဋ္ဌာန်းချက်များကိုလည်း အလေးထားအကောင်အထည်ဖော်လျက်ရှိကြောင်း။
  • မြန်မာနိုင်ငံ၏ သစ်တောဂေဟစနစ်နှင့် သယံဇာတထိန်းသိမ်းရေးအတွက် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံ့ဧရိယာ၏ ၃၀ ရာခိုင်နှုန်းပြည့်မီရေးကို ရည်မှန်းလုပ်ဆောင်လျက် ရှိရာ ယခုအခါ သဘာဝကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၂၅ ဒသမ ၈ ရာခိုင်နှုန်း ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ သဘာဝနယ်မြေများဖွဲ့စည်းခြင်းကို နိုင်ငံ့ဧရိယာ၏ ၁၀ ရာခိုင်နှုန်း ရည်မှန်းလုပ်ဆောင်နေရာတွင် ၆ ဒသမ ၄၃ ရာခိုင်နှုန်း ဖွဲ့စည်းထားနိုင်ခဲ့ပြီး ရည်မှန်းချက်ပြည့်မီအောင် ဆက်လက်ကြိုးစားကြရမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့သစ်အလုံးလိုက်တင်ပို့ခြင်းကို ရပ်ဆိုင်းခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini–Budget)နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်များတွင်လည်း သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားသည့်အပြင် ကျောက်စိမ်းတူးဖော်ခြင်းများကို လုံးခင်း၊ ဖားကန့်နှင့် မိုးညှင်းဒေသတို့တွင် ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအ‌တွက် သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် နိုင်ငံတော်ကချမှတ်ထားသည့် ပတ်ဝန်းကျင်ရေးရာမူဝါဒများနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းနှင့် ရေရှည်စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲသွားနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
  • ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ လေ့လာဆန်းစစ်တွေ့ရှိမှုများအရ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူဦးရေ ၇ သန်းခန့်သည် အသက်ဆုံးရှုံးနေကြရကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်စွန့်ပစ်ပစ္စည်းပမာဏ တန်ချိန် ၁၁ ဒသမ ၂ ဘီလီယံခန့် စွန့်ပစ်နေကြပြီး ယင်းအထဲမှ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတန်ချိန် ၈ သန်းခန့်သည် နှစ်စဉ် ပင်လယ်၊ သမုဒ္ဒရာများအတွင်းသို့ ရောက်ရှိကာ ညစ်ညမ်းမှုများဖြစ်ပေါ်လျက်ရှိကြောင်း။
  • ကမ္ဘာတစ်ဝန်းတွင် လူသားများအသုံးပြုနေသည့် ဓာတုပစ္စည်းများနှင့် ဒြပ်ပေါင်း အမျိုးအစားစုစုပေါင်း တစ်သိန်းကျော်ရှိပြီး ဓာတုပစ္စည်းအသုံးပြုမှုများကို စနစ်တကျစီမံဆောင်ရွက်နိုင်မှုမရှိပါက ပတ်ဝန်းကျင်နှင့် လူသားများ၏ ကျန်းမာရေးကို ဆိုးရွားပြင်းထန်စေသည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် အထူးဂရုပြု စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း။
  • Reuse , Reduce , Recircle ဆိုသည့် တိုက်တွန်းချက်အတိုင်း နိုင်ငံသူ နိုင်ငံသားအားလုံး လိုက်ပါဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများက အထူးအားဖြင့် တိုက်တွန်းဆောင်ရွက်စေလိုကြောင်း၊ ညစ်ညမ်းမှုများကို တားဆီးကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲနိုင်မှုသည် အလွန်အရေးကြီးကြောင်း။
  • မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP) မူဘောင်အတွင်းမှ နိုင်ငံတော်ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန် ချမှတ်ထားသည့် အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒရည်မှန်းချက်နှင့် အခြေခံမူများကို ထိရောက်အောင်မြင်အောင်ဖော်ဆောင်နိုင်ရန်အတွက် ကဏ္ဍအသီးသီးတွင် ရေတို/ရေရှည်စီမံချက်များဖြင့် ပေါင်းစပ် အကောင်အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံး ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများနှင့် ဆောင်းပါး ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသောမြို့ကြီးများ ဆုရရှိသည့် ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲနိုင်ကို ဆုပေးအပ်ချီးမြှင့်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အဖြစ်ပြသထားသည့်ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

  • ၂၀၂၂ ခုနှစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ တစ်ခုတည်း သောကမ္ဘာမြေ (Only One Earth)” ဖြစ်
  • မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးပါဝင်ထားသည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းနှင့် ပါရီသဘောတူစာချုပ်များ၏ ပြဋ္ဌာန်းချက်များကိုလည်း အလေးထားအကောင်အထည်ဖော်လျက်ရှိ။
  • မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့သစ်အလုံးလိုက်တင်ပို့ခြင်းကို ရပ်ဆိုင်းခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini–Budget)နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်များတွင်လည်း သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားသည့်အပြင် ကျောက်စိမ်းတူးဖော်ခြင်းများကို လုံးခင်း၊ ဖားကန့်နှင့် မိုးညှင်းဒေသတို့တွင် ရပ်ဆိုင်းထားပြီးဖြစ်
  • ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ လေ့လာဆန်းစစ်တွေ့ရှိမှုများအရ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူဦးရေ ၇ သန်းခန့်သည် အသက်ဆုံးရှုံးနေကြရ၊ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်စွန့်ပစ်ပစ္စည်းပမာဏ တန်ချိန် ၁၁ ဒသမ ၂ ဘီလီယံခန့် စွန့်ပစ်နေကြပြီး ယင်းအထဲမှ ပလတ်စတစ်စွန့်ပစ်ပစ္စည်း တန်ချိန် ၈ သန်းခန့်သည် နှစ်စဉ် ပင်လယ်၊ သမုဒ္ဒရာများအတွင်းသို့ ရောက်ရှိကာ ညစ်ညမ်းမှုများဖြစ်ပေါ်လျက်ရှိ။
  • Reuse , Reduce , Recircle ဆိုသည့် တိုက်တွန်းချက်အတိုင်း နိုင်ငံသူ နိုင်ငံသားအားလုံး လိုက်ပါဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများက အထူးအားဖြင့် တိုက်တွန်းဆောင်ရွက်စေလို

Add new comment