SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

သတင်းထုတ်ပြန်ချက်

၁။          ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း”များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ်(Relief Flight)များဖြင့် ပြန်လည်ဝင်ရောက်လာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသော  ဓာတ်ခွဲနမူနာများအား ဆေးသုတေသနဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ တပ်မတော်ဆေးသုတေသနဌာနတို့မှ ဓာတ်ခွဲခန်းများအပြင် ဒေသတွင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရည်ညွှန်းဓာတ်ခွဲခန်းများသို့ ပို့ဆောင်၍ Omicron Real Time PCR Testing နည်းဖြင့်လည်းကောင်း၊ Genomic Sequencing Testing  ဖြင့်လည်းကောင်း စစ်ဆေးခဲ့ပါသည်။

၂။ ထိုသို့စစ်ဆေးရာ ၂၈-၁၂-၂၀၂၁ ရက်နေ့တွင်ရရှိသော စစ်ဆေးမှုအဖြေအရ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ Relief Flight    ဖြင့် ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား (၄) ဦး၏ ဓာတ်ခွဲနမူနာများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိရပြီး ကျန်ဓာတ်ခွဲနမူနာ(၂၆) ခုတွင် SARS-CoV-2 Variant Delta ရောဂါပိုးတွေ့ရှိခဲ့ပါသည်။ အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူ (၄) ဦးအနက် (၁) ဦးသာလျှင် သာမန်ရောဂါလက္ခဏာ တွေ့ရှိရပြီး ကျန်(၃)ဦးသည် ရောဂါလက္ခဏာမတွေ့ရှိရပါ။ ယင်းပုဂ္ဂိုလ်(၄)ဦးစလုံးအား ကုသရေးစင်တာများတွင် စောင့်ကြပ်ကြည့်ရှု၍ သတ်မှတ်ရက်ပြည့်မြောက်ပြီး ကျန်းမာရေး ကောင်းမွန်သောကြောင့် ကုသရေးစင်တာမှ ဆင်းခွင့်ပြုခဲ့ပါသည်။

၃။ သို့ဖြစ်၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

  • ၂၈-၁၂-၂၀၂၁ ရက်နေ့တွင်ရရှိသော စစ်ဆေးမှုအဖြေအရ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ Relief Flight ဖြင့် ပြန်လည် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား (၄) ဦးတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိခဲ့။
  • အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ (၄) ဦးအနက် (၁) ဦးသာလျှင် သာမန်ရောဂါလက္ခဏာ တွေ့ရှိရပြီး ကျန် (၃) ဦးသည် ရောဂါ လက္ခဏာမတွေ့ရှိရသောကြောင့် ယင်းပုဂ္ဂိုလ်(၄)ဦးစလုံးအား ကုသရေးစင်တာများတွင် စောင့်ကြပ်ကြည့်ရှု၍ ကျန်းမာ ရေး ကောင်းမွန်သဖြင့် ကုသရေးစင်တာမှ ဆင်းခွင့်ပြုခဲ့။