(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်

 

ဗီယက်နမ်နိုင်ငံ၌ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်ကဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ ၃ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

          အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင်-

  • အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့် စွမ်းရည်ပြယှဉ်ပြိုင်မှုများဖြစ်ကြောင်း။

  • (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၂၀ ကို အားကစားသမား ၂၉၃ ဦး၊ အုပ်ချုပ်သူ၊ နည်းပြ ၉၇ ဦး စုစုပေါင်း ၃၉၀ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အားကစားသမားများ၏ ကြိုးစားယှဉ်ပြိုင်မှုကြောင့် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု၊ စုစုပေါင်း ဆုတံဆိပ် ၆၂ ခုတို့ကို ရရှိခဲ့ကာ ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၇ ရရှိခဲ့ကြောင်း။

  • နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်နိုင်မှုဆုတံဆိပ်များဆွတ်ခူးရရှိပြီး နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ကာ နိုင်ငံတော်သီချင်းသံလွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများဖြစ်ကြသည့်အတွက် အုပ်ချုပ်သူ၊ နည်းပြများအပါအဝင် နိုင်ငံ့ဂုဏ်ဆောင်အားကစား မောင်/မယ်များကို ယခုကဲ့သို့ ထိုက်ထိုက် တန်တန် ဂုဏ်ပြုရခြင်းဖြစ်ကြောင်း။

  • (၃၁) ကြိမ်တိုင်ပြုလုပ်ခဲ့သည့် SEA Game ပြိုင်ပွဲတိုင်းကို မြန်မာနိုင်ငံအနေဖြင့် ယှဉ်ပြိုင်ခဲ့ရာတွင် ပြီးခဲ့သည့် (၂၉) ကြိမ်မြောက်တွင် အားကစားနည်း ၂၉ နည်း၊ အားကစားသမား ၃၈၂ ဦး၊ ဆုတံဆိပ် ရွှေ ၇ ခုအပါအဝင် ဆုတံဆိပ် ၃၇ ခု၊ (၃၀) ကြိမ်မြောက်တွင် အားကစားနည်း ၃၁ နည်း၊ အားကစားသမား ၃၅၁ ဦး၊ ဆုတံဆိပ် ရွှေ ၄ ခု အပါအဝင် ဆုတံဆိပ် ၇၃ ခု၊ ယခု (၃၁) ကြိမ်မြောက်ပြိုင်ပွဲတွင် အားကစားနည်း ၂၀ ၊ အားကစားသမား ၂၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ် ရွှေ ၉ ခုအပါအဝင် ဆုတံဆိပ် ၆၂ ခုရရှိခဲ့သည်ကို တွေ့ရသဖြင့် ကိန်းဂဏန်းများအရ တိုးတက်အောင်မြင်မှုရခဲ့သည်ကို မငြင်းနိုင်ကြောင်း။

  • ယခုဂုဏ်ပြုပွဲတွင် ပြိုင်ပွဲမသွားမီ ကြိုတင်အသိပေးကြေညာထားသည့်အတိုင်း တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၃၀၀ ၊ ငွေတံဆိပ် ရရှိခဲ့သူများကို ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၁၀၀ နှင့် အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သည့်အားကစားသမား တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့သည့် အားကစားသမားတစ်ဦးလျှင် ငွေ ကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရှိခဲ့သည့် အားကစားသမားတစ်ဦးလျှင် ငွေကျပ် ၃၅ သိန်း၊ အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့သည့်နည်းပြများကို မိမိတို့ အားကစားနည်းအလိုက် ရွှေတံဆိပ်ရရှိခဲ့ပါက နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀ ၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၃၀ နှင့် အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့များကိုလည်း ရွှေတံဆိပ်ရရှိသည့် အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိသည့်အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိသည့်အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ်သိန်း ၃၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၃,၂၇၀ ကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း။

  • ယခုချီးမြှင့်ငွေများသည် အားကစားနှင့်သက်ဆိုင်သူများအတွက် သင့်တော်သည့်လူမှုဘဝတိုးတက်မှုကို အထောက်အကူပြုမည်ဟုယုံကြည်ကြောင်း၊ အားကစားသမားများက နိုင်ငံ့ဂုဏ်ဆောင်ရန် အားသွန်ခွန်စိုက်ကြိုးစားသကဲ့သို့ နိုင်ငံတော်ပိုင်းကလည်း လိုအပ်သည့်ပံ့ပိုးမှုများရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။

  • အားကစားမောင်/မယ်များအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ်၊ မေ ၅ ရက် မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင်လည်း ယခုထက်ပိုမိုအောင် မြင်မှုရရှိရေး မလျှော့သောဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ရေကုန်ရေခမ်း ပြိုင်ပွဲဝင်နိုင်ရေး ယခုကတည်းက အားထုတ်ကြိုးပမ်းပြင်ဆင်သွားကြရန် အလေးအနက် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် ဗိုဗီနမ်အားကစားနည်းမှ ၁၀ ဦး၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ၃ ဦး၊ ဝူရှူးအားကစားနည်းမှ ၁ ဦး၊ Kurash အားကစားနည်းမှ ၁ ဦး၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားနည်းမှ ၁ ဦး၊ ပီတန်းအားကစားနည်းမှ ၁ ဦး၊ ဘိလိ ယက်နှင့်စနူကာအားကစားနည်းမှ ၁ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ငွေတံဆိပ်ဆုရရှိခဲ့ကြသည့် လှေလှော်အားကစားနည်း ကနူး/ကယက် လေးယောက်တွဲပြိုင်ပွဲမှ ၅ ဦး၊ ဘိလိယက်နှင့်စနူကာအားကစားနည်း နှစ်ယောက်တွဲပြိုင်ပွဲမှ ၂ ဦး၊ သေနတ်ပစ်အားကစားနည်း နှစ်ယောက်တွဲပြိုင်ပွဲမှ ၂ ဦး၊ ဝူရှူးအားကစားနည်းမှ ၂ ဦး၊ စုစုပေါင်း ၁၁ ဦးတို့ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

          ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တာဝန်ရှိသူများက အားကစားပြိုင်ပွဲတွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်ဆုရအားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကို ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများကို ဂုဏ်ပြုလက်ဖက်ရည် ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

          နိုင်ငံတော်အနေဖြင့် ပြိုင်ပွဲမသွားရောက်မီ အောင်နိုင်ရေးအလံအပ်နှင်းသည့် အခမ်းအနားတွင်လည်း အားကစားသမားတစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှင့် ဒေါ်လာ ၂၀၀ နှုန်း၊ နည်းပြတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှင့် ဒေါ်လာ ၁၀၀ နှုန်းစီချီးမြှင့်ခဲ့ပြီး အားကစားသမားများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည့်အပြင် ထပ်ဆောင်းချီးမြှင့်မှု အဖြစ် အားကစားပြိုင်ပွဲကျင်းပနေစဉ်အတွင်း တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ် ရရှိခဲ့ကြသူများကို ဒေါ်လာ ၃,၀၀၀၊ ငွေတံဆိပ်ရရှိခဲ့သူများကို ဒေါ်လာ ၂,၀၀၀၊ ကြေး တံဆိပ်ရရှိခဲ့ကြသူများကို ဒေါ်လာ ၁,၀၀၀၊ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု ရရှိခဲ့ကြသူများကို တစ်ဦးလျှင် ဒေါ်လာ ၁,၀၀၀၊ ငွေတံဆိပ်ရရှိခဲ့ကြသူများကို တစ်ဦး လျှင် ဒေါ်လာ ၇၅၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသူများကို တစ်ဦးလျှင် ဒေါ်လာ ၅၀၀ နှင့် အကြိုဗိုလ်လုပွဲကို တက်ရောက်ခဲ့သည့် အမျိုးသမီးဘောလုံးအသင်းတို့ကိုလည်း ဒေါ်လာတစ်သိန်း ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့် စွမ်းရည်ပြယှဉ်ပြိုင်မှုများဖြစ်။

  • (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၂၀ ကို အားကစားသမား ၂၉၃ ဦး၊ အုပ်ချုပ်သူ၊ နည်းပြ ၉၇ ဦး စုစုပေါင်း ၃၉၀ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အားကစားသမားများ၏ ကြိုးစားယှဉ်ပြိုင်မှုကြောင့် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု၊ စုစုပေါင်းဆုတံဆိပ် ၆၂ ခုတို့ကိုရရှိခဲ့ကာ ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၇ ရရှိခဲ့။

  • နိုင်ငံတော်အနေဖြင့် အောင်နိုင်ရေးအလံအပ်နှင်းသည့် အခမ်းအနားတွင်လည်း အားကစားသမားတစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှင့် ဒေါ်လာ ၂၀၀ နှုန်း၊ နည်းပြတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှင့် ဒေါ်လာ ၁၀၀ နှုန်းစီချီးမြှင့်ခဲ့ပြီး အားကစားသမားများ၏စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည့်အပြင် ထပ်ဆောင်းချီးမြှင့်မှုအဖြစ် အားကစား ပြိုင်ပွဲကျင်းပနေစဉ်အတွင်း တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသူများကို ဒေါ်လာ ၃,၀၀၀၊ ငွေတံဆိပ်ရရှိခဲ့သူများကို ဒေါ်လာ ၂,၀၀၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသူများကို ဒေါ်လာ ၁,၀၀၀၊ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသူများကို တစ်ဦးလျှင် ဒေါ်လာ ၁,၀၀၀၊ ငွေတံဆိပ်ရရှိခဲ့ကြသူများကို တစ်ဦးလျှင် ဒေါ်လာ ၇၅၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသူများကို တစ်ဦးလျှင် ဒေါ်လာ ၅၀၀ နှင့် အကြိုဗိုလ်လုပွဲကို တက်ရောက်ခဲ့သည့် အမျိုးသမီးဘောလုံးအသင်းတို့ကိုလည်း ဒေါ်လာတစ်သိန်းချီးမြှင့်ပေးခဲ့။

Add new comment