ဒီဇင်ဘာလ ၂၈ ရက်တွင် ကိုကိုးကျွန်းမြို့နယ်ရှိ မြို့တော်ခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံခဲ့ပါသည်။
ကိုကိုးကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ က ကိုကိုးကျွန်းနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့် ဆည်းဆောင်ရွက်ပေးလျက်ရှိသဖြင့် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကို ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုသည့် အခြေအနေများနှင့်ပတ်သက်၍ တင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုကိုးကျွန်းဒေသအတွက် စားသောက် ဖွယ်ရာပစ္စည်းများနှင့် အားကစားပစ္စည်းများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးတင်အောင် စန်းက ဆက်သွယ်ရေး Sim Card နှင့် ငွေဖြည့်ကတ်များကိုလည်း ကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာ သက်ခိုင်ဝင်းက ECG စက်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက် ခံရယူခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင်-
· အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်၍ အစိုးရတစ်ရပ် ၏ စွမ်းဆောင်ရည်ကောင်းမွန်ခြင်းသည် အရည်အချင်းပြည့်ဝ သည့် ဝန်ထမ်းများရှိခြင်းကြောင့်ဖြစ်ပြီး ခန့်အပ်ထားသည့် ဝန်ထမ်းများအနေဖြင့် အရည်အချင်းများပြည့်ဝရမည်ဖြစ် သဖြင့် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပါက ဝန်ထမ်းခန့်အပ်ခွင့်များ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း။
· မျိုးဆက်သစ် လူငယ်များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း။
· စစ်တမ်းများအရ ၂၀၀၇-၂၀၀၈ခုနှစ် ပညာသင်နှစ်တွင် ကျောင်းစတင် တက်ရောက်သူ ဦးရေ ၁.၅ သန်းရှိပြီး တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိသူဦးရေမှာ ၂၇၀,၀၀၀ ကျော်ခန့်သာရှိခဲ့သဖြင့် ကျောင်းစတင်တက်ရောက်ခဲ့သူများ အနက် ၉၀ ရာခိုင်နှုန်းသည် တက္ကသိုလ်ဝင်တန်းအောက် ပညာအရည်အချင်း၌သာရှိမည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
· မိမိတို့နိုင်ငံ၏ ပညာရည်မြင့်မားရေးအတွက် ငယ်ရွယ်စဉ်ကတည်းကပင် ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုပြီး အမှန်တကယ်တတ်မြောက်အောင် သင်ကြားလေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်း။
· ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေစဉ်ကာလများအတွင်း ကျန်း မာရေးကုသမှုလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်း၊ ဆေးဝါး၊ အောက်ဆီဂျင်နှင့် အခြားအခက်အခဲမျိုးစုံ၊ အကြပ်အတည်း မျိုးစုံတို့ကြားမှ မရရသည့် နည်းလမ်းများဖြင့် ကြိုးစားလုပ် ဆောင်ခဲ့ရကြောင်း။
· နိုင်ငံ့ဝန်ထမ်းအချို့အနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေလိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် CDM လှုပ်ရှားမှုများတွင် ပါဝင်ခဲ့မှု များရှိခဲ့ကြောင်း၊ သို့သော်လည်း နိုင်ငံဝန်ထမ်းလိုအပ်ချက် များကို ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း။
· ကျန်းမာရေးကောင်းမွန်မှုရှိရန်နှင့် ပညာရေးကောင်းမွန်မှုရှိရန် ဒေသခံများက မိမိကိုယ်ကို ဂရုစိုက်နေထိုင်ရန်နှင့် ပညာရေးကို အားပေးမြှင့်တင်ကြရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ကောင်းကို ဖန်တီးကြရမည်ဖြစ်ကြောင်း။
· ပတ်ဝန်းကျင်ကောင်းအတွက် မိမိယခင်လာရောက်စဉ်ကတည်းကပင် ခြံစည်းရိုးကာရံပေးခြင်းများ၊ လမ်းဖောက်ပေးခြင်းများ၊ သွပ်အမိုးအကာလဲပေးခြင်းများနှင့် သန့်ရှင်း သာယာလှပရေးတို့ကို လုပ်ဆောင်ပေးခဲ့ကြောင်း၊ ပတ်ဝန်း ကျင် သန့်ရှင်းသပ်ရပ်ခြင်းသည် သက်ရှည်ကျန်းမာမှုကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။
· စီးပွားရေးနှင့်ပတ်သက်၍ အုန်းနှင့်ပတ်သက်သည့် အခြေခံ စီးပွားရေးကို ယခုထက် ပိုမိုအောင်မြင်အောင် တိုးမြှင့်လုပ် ဆောင်ရန်လိုကြောင်း၊ အုန်းနှင့် အုန်းထွက်ပစ္စည်းလုပ်ငန်း ကို ကိုကိုးကျွန်းမှ ပထမဆုံးလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စံပြဖြစ်အောင် လုပ်ဆောင်ခြင်းဖြင့် ဒေသ၏လူနေမှုဘဝကို တိုးတက်မြင့်မားအောင် လုပ်ဆောင်ကြစေလိုကြောင်း။
· နိုင်ငံတော်အဆင့် လုပ်ဆောင်နေသည့် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သော်လည်း အချက်အလက်များမှန်ကန်မှုရှိရန် အရေးကြီးမည်ဖြစ်ကြောင်း။
· လူဦးရေနည်းပါးသည့် မြို့နယ်ဖြစ်သဖြင့် စနစ်ကျနသည့် အုပ်ချုပ်မှုပုံစံဖြင့် ရှိရမည်ဖြစ်ပြီး အုပ်ချုပ်ရေးဆိုင်ရာ တာ ဝန်ရှိသူများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် လုပ်ဆောင်ကြ စေလိုကြောင်း။
· ကိန်းဂဏန်းအချက်အလက် မှားယွင်းမှုများမဖြစ်စေရေး၊ မြို့နှင့်ပတ်သက်သည့် မှတ်တမ်းများ၊ သမိုင်းမှတ်တမ်းများ ကို စနစ်တကျပြုစုဆောင်ရွက်ခြင်းဖြင့် ခေတ်မီပြီး စည်းစနစ်ကျနသည့် မြို့တစ်ခုအဖြစ် ပုံဖော်တည်ဆောက်ကြရန်လိုကြောင်း။
· မိမိဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင် တာဝန် ကျသူများနှင့် နေထိုင်သူများဖြစ်သည့် တပ်မတော်၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ ပူးပေါင်းပြီး ဒေသတိုးတက်ရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှလည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုကိုးကျွန်းဒေသခံပြည်သူများအတွက် စားသောက် ဖွယ်ရာပစ္စည်းများနှင့် အားကစားပစ္စည်းများကို ပေးအပ်ခဲ့။
- အစိုးရတစ်ရပ်၏ စွမ်းဆောင်ရည်ကောင်းမွန်ခြင်းသည် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများရှိခြင်းကြောင့်ဖြစ်ကြောင်း။
- အုန်းနှင့်ပတ်သက်သည့် အခြေခံစီးပွားရေးကို ယခုထက်ပိုမိုအောင်မြင်အောင် တိုးမြှင့်လုပ်ဆောင်ရန်လိုကြောင်း၊ အုန်းနှင့် အုန်းထွက်ပစ္စည်းလုပ်ငန်းကို ကိုကိုးကျွန်းမှ ပထမဆုံးလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စံပြဖြစ်အောင် လုပ် ဆောင်ခြင်းဖြင့် ဒေသ၏ လူနေမှုဘဝကို တိုးတက်မြင့်မားအောင် လုပ်ဆောင်စေလိုကြောင်း။
- မိမိဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင် တာဝန်ကျသူများနှင့် နေထိုင်သူများဖြစ်သည့် တပ်မတော်၊ ဌာန ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်။