(၁၅) ကြိမ်မြောက် အာဆီယံနှင့်အရှေ့အာရှစီးပွားရေးသုတေသနဌာန အုပ်ချုပ်မှုဘုတ်အဖွဲ့အစည်းအဝေးကျင်းပ

 

(၁၅) ကြိမ်မြောက် အာဆီယံနှင့်အရှေ့အာရှစီးပွားရေးသုတေသနဌာန (ERIA) အုပ်ချုပ်မှုဘုတ်အဖွဲ့အစည်းအဝေးကို ဇွန်လ ၂ ရက်တွင်ကျင်းပခဲ့ရာ ERIA အုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်များဖြစ်သည့် အာဆီယံနိုင်ငံများနှင့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်နိုင်ငံတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ကျွမ်းကျင်ပညာရှင်များ၊ ERIA အကြံပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ ERIA အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန်းအောင်ကျော်သည် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအမှတ် (၁) မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ERIA ၏ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် အတွက်ဆောင်ရွက်သည့် သုတေသနလုပ်ငန်းအစီအစဉ်များကို အသိအမှတ်ပြုပါကြောင်း၊ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်တွင် မြန်မာနိုင်ငံသည် ကျန်အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံနှင့် နှစ်နိုင်ငံအကြားအသက်ဝင်ပြီးဖြစ်ကြောင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့က RCEP ၏ အချို့သဘောတူညီချက်များကို လိုက်ပါအကောင်အထည်ဖော်ရန်အတွက် ကြားကာလကူးပြောင်းချိန်များ ရရှိထားကြောင်း၊ အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့်လည်း RCEP စာချုပ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သည့်အဖွဲ့အစည်းတည်ဆောက်မှုနှင့် ဥပဒေဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များကို ဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

  • (၁၅) ကြိမ်မြောက် အာဆီယံနှင့်အရှေ့အာရှစီးပွားရေးသုတေသနဌာန (ERIA) အုပ်ချုပ်မှုဘုတ်အဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ ERIA အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့။

 

Add new comment