ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၂ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇွန်လ ၂ ရက်တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ရတနာ တန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်-
- တပ်မတော်အနေဖြင့် ၂၀၁၁ ခုနှစ်မှစတင်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြင်းထန်ခဲ့သဖြင့် ပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်း၊ မြေဆီမြေနှစ်များနိုးထချိန်၊ မိုးရေမှန်မှန်ရချိန်ဖြစ်သည့် ဇူလိုင်လအတွင်း အများအားဖြင့်ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် မိုးဦးကျစောသည်သာမက မိုးလေဝသသည်လည်း သင့်တင့်မှန်ကန်နေပြီဖြစ်သည့်အတွက် ယခင်နှစ်များထက်စော၍ ပြုလုပ်ခြင်းဖြစ်ကြောင်း။
- သစ်ပင်များသည် သက်ရှိသတ္တဝါများအားလုံး၏ အဓိကအစာကွင်းဆက်ဖြစ်သကဲ့သို့ သက်ရှိသတ္တဝါများ အချိန်နှင့်အမျှရှူသွင်းနေသည့် အောက်ဆီဂျင်ကို ထုတ်ပေးနေသည့် သဘာဝအောက်ဆီဂျင်ထုတ်စက်များလည်းဖြစ်ကြောင်း၊ အပင်စိုက်ပျိုးခြင်းသည် စိုက်ပျိုးသူကိုယ်တိုင်နှင့် စိုက်ပျိုးသူများ၏ ပတ်ဝန်းကျင်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပြီး မိမိတို့၏ လူ့ပတ်ဝန်းကျင်တွင် “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်”၊ “တစ်သက်ပျော်ချင် သစ်ပင်စိုက်” ဟူသည့် အဆိုအမိန့်စကားရပ်များ ဖြစ်ထွန်းလာခြင်းဖြစ်ကြောင်း။
- တပ်မတော်အနေဖြင့် ယခုကဲ့သို့ သစ်ပင်စိုက်ပွဲတော်များ ကျင်းပနေခြင်းသည် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ကျင်းပနေခြင်းပင်ဖြစ်ကြောင်း။
- မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာသည် တစ်နှစ်ထက်တစ်နှစ် လျော့နည်းပျက်စီးလာပြီး သစ်တောများပိုမိုပျက်စီးလာသဖြင့် သစ်ပင်သစ်တောများပြုန်းတီးမှုကို ဖြစ်စေနိုင်သည့် သစ်တောထွက်ကုန်များကို အလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ သစ်များတရားမဝင်ထုတ်ယူ၍ ကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းနှင့် ရွှေ့ပြောင်းတောင် ယာများ စိုက်ပျိုးခြင်းများကို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- မိမိတို့ဒေသအလိုက် သစ်ပင်စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ကြရမည်ဖြစ်ပြီး သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် မိမိတို့အတွက်သာမက အနာဂတ် မျိုးဆက်သစ်များအတွက်လည်း အကျိုးများစွာကို ဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုး ခဲ့ကြပါသည်။
တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း အဆိုပါနေ့တွင် မိုးရာသီသစ်ပင် စိုက်ပွဲများကျင်းပ၍ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြရာ တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၂၁၆,၁၀၇ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။
- အပင်စိုက်ပျိုးခြင်းသည် စိုက်ပျိုးသူကိုယ်တိုင်နှင့် စိုက်ပျိုးသူများ၏ ပတ်ဝန်းကျင်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပြီး မိမိတို့၏ လူ့ပတ်ဝန်းကျင်တွင် “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်”၊ “တစ်သက်ပျော်ချင်သစ်ပင်စိုက်” ဟူသည့် အဆိုအမိန့်စကားရပ်များ ဖြစ်ထွန်းလာခြင်းဖြစ်။
- တပ်မတော်အနေဖြင့် ယခုကဲ့သို့ သစ်ပင်စိုက်ပွဲတော်များ ကျင်းပနေခြင်းသည် သစ်တောသယံဇာတများရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ကျင်းပနေခြင်းပင်ဖြစ်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးခဲ့ကြ။
Add new comment