ထားဝယ်-မြိတ် ကားလမ်းပေါ်၌ ပြေးဆွဲနေသည့် ခရီးသည်တင်မှန်လုံယာဉ်များအား PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

 

ဇွန်လ ၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်-မြိတ် ကားလမ်းမကြီးပေါ်၌ ပြေးဆွဲနေသည့် ခရီးသည်တင် မှန်လုံယာဉ် ၃ စီးသည် ခရီးသည်များတင်ဆောင်၍ ထွက်ခွာလာခဲ့ရာ သရက်ချောင်းမြို့နယ်၏ မိုင်တိုင်အမှတ် (၅၃/၂) နှင့် (၅၃/၃) ကြားနေရာသို့ အရောက်၌ အကြမ်းဖက်သောင်းကျန်းသူအင်အား ၃၀ ဦးခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ခရီးသည်တင်ယာဉ် ၃ စီးထိခိုက်ပျက်စီးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ဦးအေးမင်းဇော်တွင် လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိသော်လည်း PDF အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် လွှမ်းမိုး လျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရေးအတွက် စစ်ရေးပစ်မှတ်မဟုတ်သည့် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ခရီးသည်တင်ယာဉ်လိုင်းများအား မိုင်းခွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဆက်ကြေးများကောက်ခံခြင်းများအပြင် ပြည်သူများ၏ ကိုယ်ပိုင်အကျိုးစီးပွား ယာဉ်များကိုပါ အကြောင်းမဲ့နှောက်ယှက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်သေကြေနိုင်သည်အထိ အကြမ်းဖက်မှုများအား ကျူးလွန်လျက်ရှိပါသည်။

ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ရေးနှင့် ခရီးသည်တင်မော်တော်ယာဉ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ် ကားလမ်းမကြီးပေါ်၌ ပြေးဆွဲနေသည့် မှန်လုံယာဉ် ၃ စီးအား PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ် ၃ စီးထိခိုက်ပျက်စီးကာ ယာဉ်မောင်း ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။

Add new comment