ခေါင်းစဉ်မှာဒီလိုပြောလို့ စာရေးသူက ယခုအသစ်ဖွဲ့ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ကိုယ်စားပြုပြီးရေးသားတယ်လို့တော့ မထင်လိုက်ပါနဲ့။ မဲမသမာမှုဖြစ်ခဲ့တဲ့ အချက်တွေကို ဖော်ပြမှာဖြစ်လို့ တပ်မတော်ထောက်ခံသူလို့လည်း မထင်စေချင်ပါဘူး။ စာရေးသူက ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဘယ်လိုဖြစ်ပွားခဲ့တယ် ဆိုတာကို စိတ်ဝင်စားလို့ UEC အသစ်ရဲ့ စစ်ဆေးတွေ့ရှိမှု ထုတ်ပြန်ချက်တွေကို စောင့်ကြည့် လေ့လာနေတဲ့ သာမန်ပြည်သူတစ်ဦးပဲ ဖြစ်ပါတယ်။
ယနေ့မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေက ရွေးကောက်ပွဲမသမာမှု ကြောင့်လို့ဆိုပါတယ်။ ရွေးကောက်ပွဲမှာ တကယ်ရောမသမာမှုတွေရှိခဲ့သလားဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သိချင်စိတ်ပြင်းပြတဲ့အတွက် အခုလိုစောင့်ကြည့်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေကို လေ့လာကြည့်ရင် မြို့နယ်တစ်ခုချင်းစီအလိုက် စစ်ဆေးတွေ့ရှိချက်တွေကို စာရင်းဇယားတွေ အသေးစိတ် ဖော်ပြချက်တွေနဲ့ ကာလ ကြာရှည်စွာထုတ်ပြန်ခဲ့တဲ့အချက်တွေထဲက ပြည်သူလူထုကြီးရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်အောင်ထင်သာမြင်သာရှိတဲ့ မဲမသမာမှုများကိုမီးမောင်းထိုးပြသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၀၂၁ခုနှစ် ဇွန်လ ၈ ရက်အထိ UEC အသစ်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ စာရေးသူလေ့လာတွေ့ရှိရတဲ့ အချက်များကို အများနားလည်သိရှိစေချင်တဲ့စေတနာနဲ့ ဒီဆောင်းပါးလေးကို ရေးသားလိုက် ရတာ ဖြစ်ပါတယ်။ စာရေးသူရဲ့ ရေးသားချက်တွေဟာ ပါတီတစ်ခုကို ဝေဖန်တိုက်ခိုက်လိုတဲ့ သဘောမဟုတ်ဘဲ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအကြိုကာလနဲ့ ရွေးကောက်ပွဲကာလတွေမှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ အခြေအနေမှန်တွေကို UEC ရဲ့ စစ်ဆေးချက်နှင့် ချိန်ထိုးပြီး ပုဂ္ဂိုလ်ရေးအမြင်နဲ့ ရေးသားဖော်ပြခြင်းသာဖြစ်ကြောင်း ရိုးသားစွာဝန်ခံလိုပါတယ်။
ဘယ်လိုကြိုတင်ပြင်ဆင်ခဲ့ကြပါသလဲ
NLD အစိုးရအနေနဲ့ တကယ်ပဲ မဲလိမ်မဲခိုးဖို့ ကြိုတင်ပါဝင်ဆောင်ရွက်ခဲ့ပါသလားလို့ မေးလာရင် သုံးသပ်တွေ့ရှိချက်တွေအရ ဆောင်ရွက်ခဲ့ပါတယ်လို့ပဲ တိုတိုပြတ်ပြတ် အဖြေ ပေးရမှာပါ။ အထင်ရှားဆုံးသက်သေကတော့ UEC ဟောင်းအဖွဲ့ဝင်တွေကိုယ်တိုင် သက်သေ ထွက်ဆိုချက်တွေအရ UEC အဟောင်းက လွတ်လပ်တဲ့ကော်မရှင် မဖြစ်ခဲ့ဘဲ အာဏာရ အစိုးရရဲ့ချုပ်ကိုင်မှုအောက်မှာ လုပ်ဆောင်ခဲ့ရတယ်ဆိုတာ ဘယ်လို့မှငြင်းမရနိုင်ပါဘူး။ ကြိုတင်ကြံစည်ဆောင်ရွက်ချက်တွေထဲက ဥပဒေချိုးဖောက်ပြီး လုပ်ဆောင်ခဲ့တဲ့လုပ်ရပ် တစ်ခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လဝကအတွက် ဥပဒေပြုခွင့်ကို တိုင်းနှင့် ပြည်နယ်တွေမှာ ပေးမထားပေမယ့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးတွေကို တိုင်းနဲ့ပြည်နယ်တွေမှာ ခန့်အပ်ပြီး တိုးချဲ့ဖွဲ့စည်းခဲ့တာပါ။ နောက်ကွယ်က ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲစာရင်းနဲ့ လဝက မှာရှိတဲ့စာရင်းကို မကွာခြားရလေအောင် ထိန်းညှိဖို့ကြိုးစားခဲ့တာပါ။ သို့သော်လည်း တိုင်းနဲ့ပြည်နယ်လဝကမှာ ရှိတဲ့စာရင်းဆိုတာ ပြည်ထောင်စုအဆင့်မှာလည်းရှိပြီးဖြစ်လို့ အလွယ်တကူပြင်ဆင်လို့ မရနိုင် ပါဘူး။ ဒါက NLD အစိုးရအတွက် အားနည်းချက်တစ်ခု ဖြစ်ခဲ့တာပေါ့။
နောက်တစ်ချက်ကတော့ NLD အမာခံတွေကို ရပ်/ကျေး ဥက္ကဋ္ဌနဲ့ ရွေးကော်အဖွဲ့ဝင် တွေအဖြစ် ကြိုတင်အစားထိုးထားတဲ့ကိစ္စပါ။ ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေက ဦးစီးပြီး ဆောင်ရွက်ကြတာကို ရုံးစာအထောက်အထားတွေနဲ့တွေ့ရပါတယ်။ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက သူ့ရဲ့တူမ NLD အမာခံ ဒေါ်စန်းစန်းမြတ်ကို ရွေးကော်အဖွဲ့ဝင်အဖြစ် ထည့်ဖွဲ့ ထားသလိုမျိုးတွေပေါ့။ ရပ်/ကျေး ဥက္ကဋ္ဌနဲ့ ရွေးကော်အဖွဲ့ဝင်တွေက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကို လက်တွေ့မြေပြင်မှာ ဆောင်ရွက်ရတဲ့နေရာနဲ့ အဆုံးအဖြတ်ပေးတဲ့နေရာမှာ အဓိကကျတဲ့သူတွေ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ကြိုတင်မဲတွေကောက်ခံတဲ့နေရာမှာ NLD ပါတီအောင်နိုင်ရေး လှုပ်ရှားတဲ့အဖွဲ့တွေကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပါတီအလံတွေ၊ အမှတ်တံဆိပ်တွေ သုံးပြီး ကြိုတင်မဲကောက်ခံခဲ့တဲ့ ကိစ္စရပ်မျိုးတွေဖြစ်ခဲ့တာပါ။ မဲစာရင်းပြုစုဖို့ မည်သူမည်ဝါ ဆိုတာကို အတည်မပြုနိုင်တဲ့ ကွန်ပျူတာကျွမ်းကျင် ၂ ဦးစီကို မြို့နယ်ရွေးကော်တွေမှာ ၁ လ သီးသန့်ခန့်အပ်ခဲ့တဲ့ကိစ္စတွေ၊ ဒီကွန်ပျူတာတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို International Foundation of Electoral System (IFES) က လှူဒါန်းခဲ့တာတွေကိုတော့ အများသိပြီး ဖြစ်လို့ အကျယ်တဝင့် မပြောလိုတော့ပါဘူး။ ဒီမဲစာရင်းတွေကို တပ်မတော်က စစ်ဆေးတော့ မဲမသမာမှုဖြစ်နိုင်ချေစာရင်း ၁၀ သန်းကျော် တွေ့ရှိရတာပါ။ လက်ရှိမြေပြင် စစ်ဆေး တွေ့ရှိချက်တွေအရလည်း စစ်ဆေးပြီးသမျှ ၃၀၉ မြို့နယ်မှာ မြို့နယ်ရွေးကော် စာရင်းအရ ဆန္ဒမဲပေးသူ ၃၈,၀၄၄,၃၇၈ (၃၈ သန်းကျော်) ဖြစ်ပြီး လဝကရဲ့စာရင်းအရ မဲပေးနိုင်သူ ၃၁,၇၅၁,၇၅၉ (၃၁သန်းကျော်) ဖြစ်နေလို့ မဲပေးနိုင်သူဦးရေ ၆.၂ သန်း ပိုမိုများပြီး ဖောင်းပွနေတာ တွေ့ရှိ ရပါတယ်။ မှတ်ပုံတင်တစ်ခုတည်းနဲ့ ၂ ကြိမ်ပါနေတဲ့ မဲစာရင်းက ၃,၅၇၃,၆၇၂ (၃၅ သိန်းကျော်)၊ ၃ ကြိမ် မဲစာရင်းထဲပါနေတာက ၂၉၃,၉၆၀ (၃ သိန်းနီးပါး) တွေ့ရှိခဲ့ကြောင်း UEC အသစ်က ဌာနဆိုင်ရာပေါင်းစုံနဲ့ UEC အဟောင်း အဖွဲ့ဝင်တွေပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးဖော်ထုတ်ထားပါတယ်။
ဒါတွေက မဲစာရင်းတွေကို သာမန်ထက် ပိုပြီးဖောင်းပွအောင်လုပ်ဖို့၊ လက်တွေ့ ဆောင်ရွက်ရာမှာ ကိုယ့်လူတွေနဲ့ စိတ်ချလက်ချဆောင်ရွက်နိုင်ဖို့ကို ကြိုတင်ကြံစည် ပြင်ဆင် ထားခဲ့ကြတယ်ဆိုတာ အထင်အရှားမြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဘာကြောင့်မဲစာရင်းတွေဖောင်းပွအောင်လုပ်ထားရသလဲ
မဲစာရင်းတွေဖောင်းပွအောင်လုပ်ရတဲ့ အဓိကအကြောင်းရင်းကတော့ မဲလက်မှတ် တွေ အပိုရိုက်ထုတ်ဖို့ ဖြစ်ပါတယ်။ မဲလက်မှတ်များရိုက်ထုတ်ခြင်းသည် မဲပေးပိုင်ခွင့်ရှိသူ အရေအတွက်ပေါ်မှာ မူတည်ပြီး ရိုက်ထုတ်ရတာဖြစ်လို့ မဲပေးပိုင်ခွင့်ရှိသူစာရင်း ဖောင်းပွ နေခြင်းသည် မဲလက်မှတ်များ ဖောင်းပွခြင်းကိုဖြစ်စေပြီး မဲလက်မှတ်အပိုများ ထွက်ပေါ် လာပါတယ်။ ဒီမဲလက်မှတ်အပိုတွေကိုအသုံးပြုပြီး ကြိုတင်မဲတွေ၊ အခြားသောနည်းလမ်း တွေနဲ့ လိုအပ်တဲ့နေရာတွေကို NLD ထောက်ခံမဲလက်မှတ်များ ဖြည့်တင်းနိုင်အောင်နဲ့ လိုအပ်သလို လှည့်နိုင်အောင် ဆောင်ရွက်ခဲ့ပါတော့တယ်။ မကွေးမှာ NLD တံဆိပ်တွေနဲ့ ချိတ်ပိတ်ထားတဲ့ မဲလက်မှတ်စာလာအိတ်တွေ NLD ရုံးတွေကနေတစ်ဆင့် ပို့ထားတာ တွေ့နေရတာမျိုးတွေပေါ့။ ဒါ့ကြောင့် ယခုမြေပြင်စစ်ဆေးတွေ့ရှိချက်တွေမှာ မှတ်ပုံတင် မရှိဘဲ မဲစာရင်းတွင်ပါဝင်သူက ၄,၉၀၁,၀၄၃ (၄၉ သိန်းကျော်)၊ ပျောက်ဆုံးနေတဲ့ မဲလက်မှတ်က ၁,၄၂၀,၇၄၇ (၁၄ သိန်း ကျော်) နဲ့ ပိုနေတဲ့မဲလက်မှတ်က ၄၃၅,၆၆၉ (၄ သိန်း ကျော်) တွေ့ရှိနေရပါတယ်။ ပျောက်နေတဲ့ မဲလက်မှတ်တွေက အခြားပါတီတွေကို မဲပေး ထားတဲ့ မဲလက်မှတ်တွေဖြစ်ဖို့သေချာသလို ပိုနေတဲ့ မဲလက်မှတ်တွေကလည်း စာရင်းမရှိ အင်းမရှိ NLD ထောက်ခံမဲတွေ ဖြစ်နေတော့ တာပါပဲ။
နောက်ထပ်အရေးအကြီးဆုံးတစ်ချက်က မဲပုံးထဲက ဆန္ဒပြုမဲလက်မှတ်အရေအတွက်သည် လက်ခံဖြတ်ပိုင်းအရေအတွက်နဲ့ ကိုက်ညီနေရပါမယ်။ စစ်ဆေးတွေ့ရှိချက်တွေအရ မြို့နယ်တိုင်း၊ မဲရုံတိုင်းမှာ ထုတ်ယူမဲလက်မှတ်၊ အသုံးပြုမဲလက်မှတ်နှင့် မြေပြင်လက်ကျန်မဲလက်မှတ် များ ကိုက်ညီမှုမရှိဘဲ စစ်ဆေးပြီးတဲ့ ၃၀၉ မြို့နယ်မှာ ထုတ်ယူမဲလက်မှတ် ၄၂,၇၄၂,၇၈၃ (၄၂ သန်းကျော်)၊ အသုံးပြုမဲလက်မှတ် ၂၆,၉၆၁,၈၀၁ (၂၆ သန်းကျော်)ဖြစ်လို့ လက်ခံဖြတ်ပိုင်း တွေအရ ကျန်ရှိရမယ့် မဲလက်မှတ်အရေအတွက်က ၁၅,၇၈၀,၉၈၂ (၁၅ သန်းကျော်) ကျန်ရှိရမှာဖြစ်ပေမယ့် မြေပြင်လက်ကျန် ဆန္ဒမဲလက်မှတ်အရေအတွက်က ၁၄,၇၉၅,၉၀၄ (၁၄ သန်း ကျော်) ဖြစ်နေပါတယ်။ ဒါကြောင့် ထုတ်ယူတဲ့မဲအရေအတွက်နဲ့ အသုံးပြုတဲ့ မဲအရေအတွက် ခြားနားလိုက်ရင် မြေပြင်ကျန်ရှိရမယ့်မဲအရေအတွက်များ မကိုက်ညီသလို လက်ခံဖြတ်ပိုင်းနဲ့ မဲပုံးထဲက မဲလက်မှတ်အရေအတွက်တွေ မကိုက်ညီပဲ ပျောက်ဆုံးတာတွေ၊ အပိုဖြစ်နေတာတွေဟာ မဲမသမာမှုလုပ်ထားတဲ့ ခိုင်မာတဲ့စစ်ဆေး တွေ့ရှိချက်များ ဖြစ်ပါတယ်။ မဲရုံတွေ အားလုံးစစ်ဆေးပြီးရင်တော့ တပ်မတော်က စစ်ဆေးတွေ့ရှိထားတဲ့ မဲမသမာမှု ဖြစ်နိုင်ချေ ၁၀.၄ သန်း ကျော် တောင်မကပဲ မဲလိမ်မဲခိုးထားတဲ့စာရင်း ထွက်ပေါ်လာမှာ သေချာပါတယ်။
အခြားသောလုပ်ဆောင်ချက်များ
အထက်မှာဖော်ပြထားသလို ရပ်/ကျေး ဥက္ကဋ္ဌတွေနဲ့ ရွေးကော်အဖွဲ့ခွဲ အဖွဲ့ဝင် တွေက NLD အမာခံတွေဖြစ်နေလေတော့ ကြိုတင်မဲကောက်ယူရာမှာ နည်းလမ်းမျိုးစုံနဲ့ညစ်ခဲ့ကြပါတော့တယ်။ ကြိုတင်မဲပေးရတဲ့ သက်ကြီးရွယ်အိုတွေအားလုံးနီးပါးသည် အမြင် အာရုံချို့တဲ့နေကြပြီဖြစ်ပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး NLD ကိုယ်စားလှယ်နေရာမှာ အမှန်ခြစ်ဖို့၊ တံဆိပ်တုံးထုစေဖို့ နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်တဲ့ကိစ္စတွေ ဖြစ်ခဲ့ကြတော့တာပေါ့။ ပါတီအလံတွေ၊ တံဆိပ်တွေနဲ့ ကြိုတင်မဲလာကောက်ကြတဲ့နေရာတွေမှာ ပြည်သူအများစုက NLD ပါတီအတွက် မဲတွေလာကောက်တယ်လို့ပဲ ထင်မြင်ယူဆနေကြပါတော့တယ်။ ဒီလို ဥပဒေချိုးဖောက်မှုနဲ့ ရလာတဲ့မဲလက်မှတ်တွေအားလုံးကို ဘောင်ဝင်အောင် ဆောင်ရွက်ဖို့ UEC တံဆိပ်မပါသည့် အမှန်ခြစ်၊ ဘောပင်ဖြင့်ခြစ်ထားသည့် အမှန်ခြစ်စတဲ့မဲလက်မှတ် တွေကို ခိုင်လုံမဲတွေဖြစ်လာဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားခဲ့ပါတယ်။ အကြောင်းပြချက် ကတော့ တံဆိပ်တုံးအတုထွက်တယ်လို့ ဆိုခဲ့တာပေါ့။ COVID-19 ကြောင့် ရောက်ရာအရပ်ကနေ ကြိုတင်မဲပေးထားတဲ့သူတွေကို ရွေးကောက်ပွဲနေ့မှာ မဲထပ်ပေးလို့ရအောင်လုပ်ထားတဲ့ ညွှန်ကြားချက်မျိုးတွေလည်း ရှိပါသေးတယ်။ ဒါကြောင့် ၂ ကြိမ် ၃ ကြိမ် မဲလာပေးတဲ့ကိစ္စ တစ်ချို့ တွေ့ရှိနေရတာဖြစ်ပါတယ်။
မဲပေးဖို့အတွက် အချက်အလက်မခိုင်လုံဘဲ၊ မစုံလင်ဘဲ မဲပေးခွင့်ပြုခဲ့တဲ့ အထောက် အထားများစွာကိုလည်း တွေ့ရပါတယ်။ ဥပမာ လက်ဗွေ/လက်မှတ်မပါဘဲ မဲလက်မှတ်တွေ ထုတ်ပေးထားတဲ့ ကိစ္စမျိုးတွေပေါ့။ အမှန်တော့ မဲလက်မှတ်အပိုတွေကို ဘောင်ဝင်အောင် အဲဒီလို နည်းမျိုးစုံဆောင်ရွက်ခဲ့ပေမယ့် လက်တွေ့မှာ ပမာဏများပြားလှခြင်း၊ အောက်ခြေက လက်လွန်ခြေလွန်ဆောင်ရွက်ကြတဲ့ ကိစ္စတွေများလွန်းတော့ မဖုံးနိုင်မဖိနိုင်ဖြစ်ခဲ့ရတဲ့ ကိစ္စရပ်တွေပါ။ ကြို့ပင်ကောက်က NLD အမတ်နော်ပွယ်စေးရဲ့ မဲတွေမှာ ၂၀၁၅ က မဲလက်မှတ်တွေပါ ထည့်သွင်းရေတွက်ထားတဲ့ကိစ္စ၊ ရေစကြိုမှာ မဲပေးရမယ့်အမတ်စာရင်းက မကွေးက အမတ်တွေရဲ့စာရင်းနဲ့မှားနေတဲ့ ကိစ္စလိုမျိုးတွေ၊ နိုင်ငံကျော်ဟစ်ဟော့ပ်အဆိုတော် NLD အမတ်က social media ပေါ်မှာ ဝမ်းသာအားရတင်လိုက်တဲ့ မဲရလဒ်တွေက ထုတ်ပြန် ထားတဲ့ မဲပေးပိုင်ခွင့်ရှိသူအရေအတွက်ထက်များနေလို့ပြန်ဖျက်ရတဲ့ ကိစ္စမျိုးတွေ၊ သဲကုန်းမှာ စာအုပ်နံပါတ်မတပ်ထားတဲ့ မဲစာအုပ် အသစ် ၉ အုပ်တွေ့ရတာမျိုးတွေ ဖြစ်ခဲ့ရတာပေါ့။
ငါန်းဇွန်၊ တောင်သာမြို့နယ်မှာ မဲလက်ခံဖြတ်ပိုင်းတွေနဲ့ မဲလက်မှတ်တွေ ပြန်မအပ်တဲ့ ကိစ္စတွေ၊ ရမည်းသင်းမှာ နောက်တိုးမဲပေးသူ ၁၁ ယောက်ကို ရပ်/ကျေး UEC က လက်ရေးနဲ့ဖြည့်ပြီး ခွင့်ပြုပေးခဲ့တာတွေ၊ သပိတ်ကျင်း၊ ညောင်ဦး၊ မတ္တရာနဲ့ မိုးကုတ်က ကျေးရွာအုပ်စု တစ်ချို့မှာ မဲလက်မှတ်လက်ခံဖြတ်ပိုင်း ပြန်မအပ်တဲ့ကိစ္စရပ်တွေ စသဖြင့် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်ခဲ့ရတာပေါ့။ ဒါတောင် မဲဆွယ်စည်းရုံးခွင့်ကာလမှာ COVID-19 အကြောင်းပြချက်မျိုးစုံနဲ့ အခြားပါတီတွေကို ပိတ်ပင်ထားပြီး NLD ပါတီအနေနဲ့ ကိုဗစ်ကြောင့် မွန်းကြပ်နေတဲ့ လူထုရဲ့ စိတ်ထွက်ပေါက်ကိုတစ်နေရာတည်းမှာ ဖွင့်ပေးပြီး တရားဝင်လို မဲဆွယ်ပွဲတွေ၊ လှည့်လည်ပွဲတွေ ခြိမ့်ခြိမ့်သဲဆင်နွှဲခဲ့တဲ့ကိစ္စတွေ၊ အခြား ပါတီတွေရဲ့ ရုပ်သံထုတ်လွှင့်ချက်တွေကို ဆင်ဆာဖြတ်တောက်ခဲ့တဲ့အချက်တွေ အပြင် NLDပါတီ နိုင်ခြေမရှိတဲ့ ရခိုင်နှင့် ရှမ်းပြည်နယ်မြို့နယ်အချို့ကို လုံခြုံရေးအကြောင်းပြချက်နှင့် ရွေးကောက်ပွဲ မလုပ်ပေးခဲ့လို့ နိုင်ငံသား ၁.၂ သန်းကျော်က နိုင်ငံသားအခွင့်အရေးဆုံးရှုံးပြီး မဲပေးခွင့်မရခဲ့တာ အားလုံးအသိဖြစ်ပါတယ်။
NLD ပါတီကနေ ထွက်ပေါ်လာတဲ့အတွင်းသတင်းတွေအရ NLD အစိုးရနဲ့ NLD ပါတီအနေနဲ့ ညွှန့်ပေါင်းလိုအစိုးရမျိုးပေါ်လာမှာကို လက်မခံနိုင်ဘဲ တစ်ပါတီတည်း သောင်ပြို ကမ်းပြိုနိုင်ပြီး မြန်မာ့နိုင်ငံရေးကို အုပ်စီးထားချင်တာကြောင့် မလုပ်သင့် မလုပ်အပ်တဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်း အထက်မှာ စာရေးသူ ထောက်ပြထားတဲ့ ကြိုတင်ကြံစည်မှုနဲ့ မဲလိမ်မဲခိုးဖို့ ဆောင်ရွက်ခဲ့ကြတဲ့ကိစ္စတွေဟာ မည်သည့်နိုင်ငံရေး စနစ်ကျင့်သုံးတဲ့နိုင်ငံမှာဖြစ်စေ၊ မည်သည့်ရွေးကောက်ပွဲစနစ် ကျင့်သုံးတဲ့ နိုင်ငံမှာဖြစ်စေ ဘယ်လိုမှ လက်ခံလို့မရတဲ့ ကိစ္စရပ်မျိုးတွေဖြစ်ပါတယ်။ နိုင်ငံတကာကိုအသာထားလို့ ဒေသတွင်းအာဆီယံနိုင်ငံများထဲမှာတောင် ဒီလို စည်းလွတ် ဘောင်လွတ်နဲ့ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ မဲမသမာမှုမျိုး ဘယ်နိုင်ငံမှာမှမရှိပါဘူး။ စာရေးသူတို့ နိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်း မှာလည်း မရှိခဲ့ဘူးပါဘူး။
စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ဖို့အတွက် ပွင့်လင်းမြင်သာတဲ့ရွေးကောက် ပွဲရလဒ်ဟာ အသက်တမျှအရေးကြီးလို့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ ပါတီတစ်ခုရဲ့ နိုင်ငံရေးအာဏာရမ္မက်ကြောင့် အကျည်းတန်ခဲ့ရပြီလို့ပဲ စိတ်မကောင်းစွာနဲ့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ အကြံပြုလိုတာက ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ဖြစ်ခဲ့တဲ့ ဥပဒေ ချိုးဖောက်မှုတွေနဲ့ မဲလိမ်မဲခိုးမှုတွေသည် အသေအချာစနစ်တကျနဲ့ တဆင့်ချင်း မှတ်တမ်း ရုပ်ရှင်တွေရိုက်ပြီး ပြည်သူကို ချပြရမယ့်ကိစ္စရပ်တွေဖြစ်ပါတယ်။ ဒီလိုဖော်ပြတဲ့ နေရာမှာလည်း သာမာန်ပြည်သူလူထုကြီး နားလည်သဘောပေါက်နိုင်တဲ့ပုံစံနဲ့ အဆင့်ဆင့် ချိတ်ဆက်သုံးသပ် တင်ပြဖို့က အင်မတန်မှ အရေးကြီးလှပါတယ်။ ၎င်းအချက်အလက်များနဲ့ မှတ်တမ်းရုပ်ရှင် များသည် မြန်မာ့သမိုင်းမှာ မှတ်ကျောက်ဖြစ်လာမယ့်၊ သင်ခန်းစာယူစရာများဖြင့် ပြည့်နှက် နေမည့် အချက်အလက်အထောက်အထားများ ဖြစ်လာလိမ့်မည်ဟု တင်ပြရင်း စာရေးသူရဲ့ ဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဆောင်းပါးရှင် မင်းခန့်