ရေစကြိုမြို့နယ်အတွင်းရှိ PDF အကြမ်းဖက်သမားများက ဇယမကျေးရွာမှ ကျောင်းထိုင်ဆရာတော်တစ်ပါးနှင့် ပြည်သူနှစ်ဦးတို့အား ရက်စက်စွာသတ်ဖြတ်၍ အလှူငွေများအား လုယက်ယူဆောင်

 

မေလ ၂၈ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ဇယမကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သမားများဝင်ရောက်လာပြီး အဆိုပါကျေးရွာနေ ဦးဇော်ဝေ(၄၀)နှစ်နှင့် ၎င်း၏ဇနီး ဒေါ်သင်းသင်းနွယ် (၄၀)နှစ်တို့နှစ်ဦးကို ၎င်းတို့၏နေအိမ်အတွင်း၌ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် ကျေးရွာဘုန်းကြီးကျောင်းအတွင်းသို့ဝင်ရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသောမာလေက သက်တော် (၆၁)နှစ် ဝါတော်(၄၁)ဝါကို သေနတ်ဖြင့် ထပ်မံပစ်ခတ်သတ်ဖြတ်ပြီး ကျောင်းအတွင်းထားရှိသည့် အလှူငွေကျပ်သိန်း ၂၀၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ကျောင်းပိုင်မော်တော်ယာဉ် ၁ စီးတို့ကို လုယက်ယူဆောင်ကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။

          NUG အဖွဲ့၏စေခိုင်းချက်အရ PDF အကြမ်းဖက်သမားများသည် ၎င်းတို့ကိုမထောက်ခံသည့် အပြစ်မဲ့ပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ ရဟန်းသံဃာတော်များအား လက်နက်အားကိုး၍ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ယခုကဲ့သို့ လူသတ်ဓါးပြတိုက်လုယက်သည့် အောက်တန်းကျသော လုပ်ရပ်များကိုပါ   ယုတ်မာရက်စက်စွာ လုပ်ဆောင်လျက်ရှိသဖြင့် ပြည်သူများက ၎င်းတို့အပေါ် လွန်စွာစက်ဆုပ်မုန်းတီးလျက်ရှိကြောင်း သိရှိရပါသည်။

          အဆိုပါ အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • PDF အကြမ်းဖက်သမားများက မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ ဇယမကျေးရွာမှ ကျောင်းထိုင်ဆရာတော်တစ်ပါး၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ရက်စက်စွာသတ်ဖြတ်၍ ဘုန်းကြီးကျောင်းပိုင်မော်တော်ယာဉ် ၁ စီးနှင့် အလှူငွေကျပ် သိန်း ၂၀ တို့ကို လုယက်ယူဆောင်ခဲ့။

Add new comment