ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၏ ဆောင်ရွက်ချက်များအပေါ် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ-

  • ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဟံထွန်းနှင့် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦးနှင့် တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်း တို့သည် ကော်မတီတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရန် ဒဂုံမြို့သစ်မြို့နယ်အတွင်းရှိ မြေဧရိယာ ၆၈ ဧကကျော်ကို နှစ် ၆၀ မြေငှားစာချုပ်ဂရန်ထုတ်ပေးခဲ့ရာ၌ ပြည်တွင်းအခွန်များဦးစီးဌာန၏ သတ်မှတ်ဈေးနှုန်းဖြင့် တွက်ချက်ခြင်း မပြုခဲ့သဖြင့် နိုင်ငံတော်အနေဖြင့် ငွေကျပ်သန်း ၅,၀၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း။
  • မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုးနှင့် တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းတို့သည် ကျောက်မီးသွေးထုတ်လုပ်မှုလုပ်ငန်းနှင့်ပတ်သက်၍ ကျောက်မီးသွေး တစ်တန်၏ တွင်းဝဈေးနှုန်းကို မူလသတ်မှတ် ဈေးငွေကျပ် ၇၇,၀၀၀ ကျော်မှ ငွေကျပ် ၄၂,၀၀၀ သို့ လျှော့ချခွင့်ပြုပေးခဲ့ ခြင်းတို့ကြောင့် နိုင်ငံတော်ကရရှိမည့် ဘဏ္ဍာငွေကျပ်သန်း ၅၅၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း။
  • မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦးနှင့် တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းတို့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာနက ပန်းဥယျာဉ်များရှိ လုပ်ငန်း ၂၁ ခုကို ကုမ္ပဏီများသို့ ငှားရမ်းစာချုပ် ချုပ်ဆိုခဲ့ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာန၏ သတ်မှတ်ငှားရမ်းခ နှုန်းထားနှင့်အညီ သတ်မှတ်ငှားရမ်းခြင်းမရှိဘဲ ဈေးနှုန်းလျှော့ချငှားရမ်းခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ငွေကျပ် သန်း ၂၁,၀၀၀ ကျော် နစ်နာခဲ့ကြောင်း။
  • ထို့ပြင်မြို့တော်အသံလွှင့်လုပ်ငန်း (City FM) တွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်း၏လစာစရိတ်ကို နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံသုံးစွဲခဲ့၍ နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် သန်း ၇၀ ကျော် နစ်နာဆုံးရှုံးခဲ့ကြောင်း။

          စစ်ဆေးချက်များအရ တာဝန်ရှိသူများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဟံထွန်းနှင့် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းနှင့် ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့မ ရဲစခန်း၌ မေလ ၂၆ ရက်တွင် တိုင်ကြားချက်ဖွင့်လှစ်ခဲ့ပြီး တရားစွဲဆိုအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း  သိရှိရပါသည်။

  • ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဟံထွန်းနှင့် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးစိုးလွင်၊ အတွင်းရေးမှူးဟောင်း ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးဟောင်း ဦးသန်းနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် ဦးဇင်မင်းအောင်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မအရ အမှုဖွင့်လှစ်ခဲ့။

Add new comment