မင်္ဂလာဒုံမြို့နယ်၌ ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်ရှိ ဇော်မင်းစိုး၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ကျော်ကျော်အောင်၊ ဝင်းထွန်း၊ လှစိန်မောင်၊ ချစ်ဦးမောင်၊ ဇင်မင်းကို၊ လွင်မင်းထိုက်နှင့် သက်ပိုင်ဦးတို့နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၁၀ သိန်းနှင့် မြန်မာငွေကျပ်သိန်း ၁၅၀ တို့ကို သိမ်းဆည်းရမိခဲ့ပါသည်။

  • ၎င်းတရားခံများ၏ စစ်ဆေးဖော်ထုတ်ချက်အရ မေလ ၁၇ ရက်၊ ည ၁၂ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ စံပယ်လမ်းရှိ ကျော်ကျော်အောင်အမည်ဖြင့် ငှားထားသည့်နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း သိန်း ၄၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း သိန်း ၅၀ သိမ်းဆည်းရမိခဲ့။
  • ကွင်းဆက်အရ မေလ ၁၈ ရက်တွင် မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ ဇေယျာသီရိ(၃)ရပ်ကွက်နေ မမီးငယ်စိုး (ခ) သီတာစိုးအား မြန်မာငွေကျပ် ၈၅ သိန်းနှင့်လည်းကောင်း၊ ပြည့်စုံနှင့် ကျော်သူတို့အား HINO ၆ ဘီးမော်တော်ယာဉ် ၁ စီးနှင့် မြန်မာငွေကျပ်သိန်း ၄၀ ကျပ်တို့နှင့် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့။

အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့ သယ်ဆောင်ပြီး ဖမ်းမိနေအိမ်များ၌ သိုလှောင်၍ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ကြောင်းနှင့် သယ်ဆောင်ရောင်းဝယ်သူ ဇော်မင်းစိုးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် ၎င်းနှင့် ဖမ်းဆီး ရမိတရားခံတို့အား ဥပဒေနှင့်အညီ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

  • ဒေသကာလတန်ဖိုးငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း သိန်း ၅၀ ပြားကို မင်္ဂလာဒုံမြို့နယ်၌ တရားခံများနှင့်အတူ ဖမ်းဆီးရမိခဲ့။
  • စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ကြသည့် တရားခံများကို ဥပဒေနှင့်အညီ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိ။

Add new comment