နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မေလ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်) တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက အိမ်ရာအတွင်း စစ်မှုထမ်းဟောင်းများနှင့် မိသားစုများကို နေရာချထားပေးမှု၊ အိမ်ရာများ ထပ်မံတည်ဆောက်နေမှုနှင့် အရိပ်ရပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ရှင်းလင်းတင်ပြမှုအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-

  • စီမံကိန်းအတွင်း စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းနှင့် အလုပ်အကိုင်များ၊ စက်မှုအထက်တန်းကျောင်း၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများကို ဆောင်ရွက်ပေးနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသဖြင့် ပညာရည် မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးရန်လိုကြောင်း။
  • အိမ်ရာအတွင်းနေထိုင်သည့် စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များအတွက် အသက်အရွယ်အလိုက် လုပ်ကိုင်နိုင်မည့်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
  • စီမံကိန်းဧရိယာအတွင်း မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် စားကျက်မြေများ ဖြစ်ပေါ်လာစေရေး ယခုကတည်းက ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ထားရန် မှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး အိမ်ရာတည်ဆောက်ရေးစီမံကိန်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။

အဆိုပါ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)ကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်မှ အငြိမ်းစားယူပြီး ရန်ကုန်မြို့တွင် အခြေချနေထိုင်လိုသူများအတွက် စစ်မှုထမ်းဟောင်းမြို့အဖြစ် ရည်ရွယ်တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ အိမ်ရာတွင် နေထိုင်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စားဝတ်နေရေးတို့တွင် လိုအပ်နိုင်သည့် အခြေခံလိုအပ်ချက်များကို ထည့်သွင်းတွက်ချက်ပြီး မြို့ပြစီမံကိန်းအသွင် တည်ဆောက်လျက်ရှိကြောင်းနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ စာကြည်တိုက်တို့ကိုလည်း ထည့်သွင်းတည်ဆောက် ထားပြီး စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား နေရာချထားပေးလျက်ရှိကာ အိမ်ရာစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်) တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
  • မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)ကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်မှ အငြိမ်းစားယူပြီး ရန်ကုန်မြို့တွင် အခြေချနေထိုင်လိုသူများအတွက် စစ်မှုထမ်းဟောင်းမြို့အဖြစ် ရည်ရွယ်တည်ဆောက်နေခြင်းဖြစ်။
  • အိမ်ရာတွင် နေထိုင်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စားဝတ်နေရေးတို့တွင် လိုအပ်နိုင်သည့် အခြေခံလိုအပ်ချက်များကို ထည့်သွင်းတွက်ချက်ပြီး မြို့ပြစီမံကိန်းအသွင် တည်ဆောက်လျက်ရှိ။
  • ဆေးရုံ၊ စာသင်ကျောင်း၊ စာကြည်တိုက်တို့ကိုလည်း ထည့်သွင်းတည်ဆောက်ထားပြီး စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား နေရာချထားပေးလျက်ရှိကာ အိမ်ရာစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် တိုးချဲ့တည်ဆောက်လျက်ရှိ။

Add new comment