နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် KNU/KNLA(PC) ဥက္ကဋ္ဌ စောထော့လေးဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)ဥက္ကဋ္ဌ စောထော့လေးဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား မေလ ၂၆ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-

  • တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်း၌ တိုင်းရင်းသားလူမျိုးတစ်ခုတည်းသာ သီးသန့်နေထိုင်သည်မဟုတ်ဘဲ တိုင်းရင်းသားပေါင်းစုံအတူတကွ ပေါင်းစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် ပြည်ထောင်စုအကျိုးကိုကြည့်၍ ဆောင်ရွက်သွားကြမည့်အခြေအနေများ။
  • ငြိမ်းချမ်းရေးရရှိမှသာလျှင် နိုင်ငံတည်ဆောက်ရေး (State Building)၊ တိုင်းပြည်တည်ဆောက်ရေး(Nation Building)ကို ပိုမိုသွက်လက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် မိမိတိုင်းရင်းသား၊ မိမိပြည်နယ်နှင့် မိမိတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစားဆောင်ရွက်ရန် လိုသည့်အခြေအနေများ။
  • ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်များပေါ်ထွက်လာရန် အဓိကလိုအပ်သည့်အတွက် တစ်နိုင်ငံလုံး တိုင်းရင်းသားဒေသများပါမကျန် ပညာရည်မြှင့်တင်ရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့်အခြေအနေများ။
  • ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

ထို့နောက် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု စနစ်တည်ဆောက်ရေးနှင့်ပတ်သက်၍ သဘောထားတူညီချက်အမြင်များကို ပြန်လည်ဆွေးနွေး၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြပြီးနောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌနော်ကပေါ်ထူးနှင့် ဗဟိုကော်မတီဝင် စောမောင်မောင်တို့ တက်ရောက်ခဲ့ကြပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် KNU/KNLA(PC) ဥက္ကဋ္ဌစောထော့လေး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ငြိမ်းချမ်းရေးရရှိမှသာလျှင် နိုင်ငံတည်ဆောက်ရေး (State Building)၊ တိုင်းပြည်တည်ဆောက်ရေး (Nation Building)ကို ပိုမိုသွက်လက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် မိမိတိုင်းရင်း သား၊ မိမိပြည်နယ်နှင့် မိမိတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစားဆောင်ရွက်ရန်လိုသည့်အခြေအနေများ။
  • ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့။

Add new comment