မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် သုံးသပ်ကြည့်ခြင်း

မည်သည့်ပြဿနာရပ်မဆို ရှုထောင့်ပေါင်းစုံမှသုံးသပ်၍ အဖြေရှာရစမြဲဖြစ်ပါ သည်။ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများကို မှန်ကန်စွာသုံးသပ်နိုင်ရန်မှာ လည်း ရှုထောင့်ပေါင်းစုံမှ သတင်းအချက်အလက်များကိုရရှိနိုင်ရန် လိုအပ်လျက်ရှိပါ သည်။ ပြည်သူများအနေဖြင့် စိတ်ခံစားချက် (Emotion) ထက် အချက်အလက် (Fact) ကို အခြေခံသည့် တွေးခေါ်စဉ်းစားနိုင်စွမ်းဖြင့်သာ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။

၂၀၁၀ ပြည့်နှစ်ဝန်းကျင်ခန့်တွင် ကမ္ဘာတစ်ဝန်း၌ ဒီမိုကရေစီစနစ်ကူးပြောင်း သောနိုင်ငံများသည် သွေးထွက်သံယိုမှုများဖြင့်သာ ဒီမိုကရေစီစနစ်သို့ကူးပြောင်းနိုင်ခဲ့ ကြသော်လည်း မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းစွာဖြင့် ဒီမိုကရေစီစနစ်ကူးပြောင်း ပေးနိုင်ခဲ့သည့် နိုင်ငံအနည်းငယ်အနက်မှ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါသည်။ ထို့ကြောင့်လည်း နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းများစွာ ရရှိခဲ့ပါသည်။ ငြိမ်းချမ်းသော ဒီမိုကရေစီ အကူးအပြောင်းနှင့် ဒီမိုကရေစီမျိုးစေ့ကို တပ်မတော်က ဦးဆောင်ကမကထပြု၍ ဆောင်ရွက်ခဲ့သည်မှာ ငြင်းမရနိုင်သည့် သမိုင်းမှတ်တမ်းတစ်ခုဖြစ်ပါသည်။ ထိုသို့မျိုးစေ့ ချပေးနိုင်ရန်လည်း ခဲရာခဲဆစ် အကောင်အထည်ဖော်ခဲ့ရကြောင်း သမိုင်းကိုလေ့လာ ကြည့်လျှင် ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် ဒီမိုကရေစီ ကို သွေဖည်စေမည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို အစွမ်းကုန်ကာကွယ်ထိန်းသိမ်း မည်ဆိုသည်မှာ ကျိုးကြောင်းဆီလျော်သော ပကတိအရှိတရားပင် ဖြစ်ပါသည်။

ယခုအခါ မြန်မာ့အရေးကျွမ်းကျင်သူဆိုသူများနှင့် အနောက်နိုင်ငံမီဒီယာများက အကန့်အသတ်မရှိသော စစ်အုပ်ချုပ်ရေးကို ရည်ရွယ်ပြီး တပ်မတော်က အာဏာသိမ်းခဲ့ သည်ဟု ပြောဆိုနေခြင်းမှာ မှန်ကန်မှုမရှိကြောင်း လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လုပ်ဆောင်ချက်များကို ကြည့်ပါက အထင်အရှားတွေ့မြင်နိုင်ပါသည်။

ပြန်လည်သုံးသပ်လျှင် ၂၀၁၀ မှ ၂၀၂၀ ပြည့်နှစ်အတွင်း USDP အစိုးရနှင့် NLD အစိုးရတို့က ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲများကို ပြန်ကြည့်ပါက တပ်မတော် အနေဖြင့် ဘက်လိုက်မှုမရှိဘဲ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ NLD က မဲအများဆုံးဖြင့် အနိုင်ရရှိ ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကိုလည်း တပ်မတော်အနေဖြင့် ကန့်ကွက်မှုမရှိခဲ့ဘဲ အရပ်သားအစိုးရ၏ အုပ်ချုပ်မှုကို လိုက်နာခဲ့သည်သာဖြစ်ပါသည်။

သို့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲနှင့် များစွာကွာခြားမှုရှိနေသည်ကို တွေ့ရှိရပါသည်။ လက်ရှိပဋိပက္ခသည် ၂၀၂၀ ရွေးကောက် ပွဲတွင် ဖြစ်ပွားခဲ့သည့် ပုံမှန်မဟုတ်သော ကြီးမားသည့် မဲမသမာမှုများကြောင့် ဖြစ်ပေါ် လာခဲ့ရခြင်းဖြစ်ပါသည်။ သန့်ရှင်းမျှတသောရွေးကောက်ပွဲဖြစ်စေရန်အတွက် မဲမသမာမှု ဖြစ်နိုင်ချေရှိနေသည့် မဲစာရင်းများဖောင်းပွမှားယွင်းနေမှုများအား တပ်မတော်အနေဖြင့် တရားဝင်ကြေညာချက်များ အကြိမ်ကြိမ်ထုတ်ပြန်၍ ရှင်းလင်းတင်ပြခဲ့သည်ကို တွေ့ရှိ ရပါသည်။ ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ခဲ့သည့် မဲပေးပိုင်ခွင့်ရှိသူ ၃၉.၂ သန်း တွင် မဲမသမာမှု ၁၀.၄ သန်းခန့် ဖြစ်ပေါ်နေသည်ကို အထောက်အထား စာရင်းဇယား များအရ တွေ့ရှိရပါသည်။ မြေပြင်အထောက်အထားများအရလည်း မဲမသမာမှု သံသယ ဖြစ်ဖွယ်အထောက်အထားများ၊ မဲစာရင်းမှားယွင်းမှုများနှင့် ရွေးကောက်ပွဲဥပဒေ ဖောက်ဖျက်ခဲ့မှုများကို ကျူးလွန်သူများကိုယ်တိုင် ဝန်ခံထွက်ဆိုချက်များကိုလည်း ဖော်ထုတ်တွေ့ရှိရပြီးဖြစ်ပါသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ သန်းခေါင်စာရင်းအရ ရွေးကောက်ပွဲကာလတွင်ရှိရမည့် မဲပေးပိုင်ခွင့်ရှိသူမှာ ၃၂ သန်း သာရှိသည့်အတွက် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲပေးပိုင်ခွင့်ရှိသူ ၃၉.၂ သန်းနှင့် များစွာကွာဟမှုရှိနေသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် မဲမသမာမှုအရေအတွက်မှာ မဲပေးခွင့်ရှိသူ၏ လေးပုံတစ်ပုံပမာဏခန့် ဖြစ်ပေါ်လျက်ရှိနေပြီး နေရာဒေသအသီးသီးတွင် ပုံမှန်မဟုတ်သော မဲစာရွက် အပို/အလို များရှိနေခြင်း၊ ထပ်မံပုံနှိပ်ထားသည့်အထောက်အထားများနှင့် စာရင်းဇယားမရှိသည့် မဲလက်မှတ်များတွေ့ရှိနေခြင်း၊ မဲစာရင်းစာအုပ်လက်ခံဖြတ်ပိုင်းတွင် မဲပေးသူ၏ အချက် အလက်များဖြည့်သွင်းထားမှုမရှိခြင်းစသည့် ကြီးမားသည့် မဲမသမာမှုပြုလုပ်ထားသည့် အထောက်အထားများကို တွေ့ရှိခဲ့ရပါသည်။

တရားမျှတပြီး စစ်မှန်သည့်ရွေးကောက်ပွဲရလာဒ်သည် ဒီမိုကရေစီစနစ်၏ အသက်သွေးကြောဖြစ်သဖြင့် ဤကဲ့သို့ပမာဏအလွန်များပြားပြီး ကြီးမားသော မဲမသမာမှုများဆောင်ရွက်သည့် ပြစ်မှုကျူးလွန်ခြင်းကို ကမ္ဘာပေါ်ရှိ မည်သည့်ဒီမို ကရေစီနိုင်ငံကမှ လုံးဝလက်ခံနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် တပ်မတော်နှင့် အခြား နိုင်ငံရေးပါတီများက ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းမှားယွင်းနေမှုများနှင့် မဲမသမာမှု ဖြစ်နိုင်သည့် သံသယဖြစ်ဖွယ်အခြေအနေများကို ဖြေရှင်းဆောင်ရွက်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း လုပ်ဆောင်ပေးခဲ့ခြင်းမရှိပါ။ ထိုမှတစ်ဆင့် လွှတ်တော်အထူး အစည်းအဝေးနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီခေါ်ယူ၍ ဒီမိုကရေစီ ယဉ်ကျေးမှုနှင့်အညီ ညှိနှိုင်းအဖြေရှာနိုင်ကြရန် နိုင်ငံတော်အစိုးရနှင့် လွှတ်တော်သို့ တင်ပြဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါသည်။ သို့သော်လည်း အစိုးရက ဆွေးနွေးညှိနှိုင်း အဖြေရှာသည့် နည်းလမ်းကို အကြိမ်ကြိမ်ငြင်းပယ် လျစ်လျူရှုခဲ့ပြီး လွှတ်တော်အသစ် ခေါ်ယူခြင်းနှင့် အစိုးရအသစ်ဖွဲ့ရန်သာ ကြိုးပမ်းခဲ့ပါသည်။ ထို့သို့ တစ်ဖက်သတ်ဆောင် ရွက်ခဲ့မှုများက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကိုအရေးပေါ် အခြေ အနေသို့ ရောက်ရှိစေပြီး တပ်မတော်ထံသို့ နိုင်ငံတော်တာဝန်ကိုခေတ္တလွှဲပြောင်း အပ်နှံ ခဲ့ရခြင်းဖြစ်ပါသည်။

ထိုဆောင်ရွက်ချက်မှာ လွတ်လပ်ပြီးတရားမျှသောရွေးကောက်ပွဲကို ပြန်လည် ကျင်းပပေးရန် ရိုးသားသည့်နိုင်ငံရေးဖြစ်ရန်အတွက်သာ ရည်သန်ခဲ့ခြင်းဖြစ်ပါသည်။ ထိုရည်ရွယ်ချက်ကြောင့်ပင် တပ်မတော်သားများ၊ တိုင်းရင်းသားနှင့် နိုင်ငံရေးခေါင်း ဆောင်များ စုပေါင်းဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတစ်ရပ်ပေါ် ထွက်လာခဲ့ရပါသည်။ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်များတွင်လည်း ဒေသအလိုက် ဂုဏ်သိက္ခာရှိပြီး ကြည်ညိုလေးစားရသည့် အရပ်သားများကိုသာ ခေါင်းဆောင်များအဖြစ် ခန့်အပ်တာဝန်ပေးထားသဖြင့် အရပ်ဘက်အုပ်ချုပ်ရေးကို မည်မျှအလေးထားကြောင်း မြင်တွေ့နေရပါသည်။

လက်ရှိအရေးပေါ်အခြေအနေကြောင့် တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းလက်ခံထားသော်လည်း စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းကျင့်သုံးခြင်းကို မတွေ့ရဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းကာ ထိန်းသိမ်းဆောင်ရွက်နေပြီး ၁ နှစ်မှ ၂ နှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဖြစ်ကြောင်း အခိုင် အမာကြေညာထားပါသည်။ သို့သော်လည်း အဖျက်အမှောင့်ဆောင်ရွက်လိုသူများက ဆူပူအုံကြွမှုများဖြစ်ပေါ်လာစေရန် နည်းလမ်းမျိုးစုံသုံး၍ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက် နေကြကြောင်း တွေ့ရှိရသဖြင့် ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာဆန္ဒပြရာမှ တစ်ပါတီ အာဏာရှင်စနစ်ကဲ့သို့ ဆောင်ရွက်ခဲ့သည့် NLD အာဏာပြန်လည်ရရှိရေးကိုသာ ဦးတည် ဆောင်ရွက်လာကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့်လည်း မင်းမဲ့စရိုက်ပုံစံ ဆူပူအကြမ်း ဖက်မှုနှင့် အကြမ်းဖက်လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ဆောင်ရွက်လာကြပြီး အစိုးရအုပ်ချုပ်ရေးယန္တရားပျက်ပြားစေရေးကိုသာ အဓိကလုပ်ဆောင်ခဲ့ကြပါသည်။

ထိုသို့ ဥပဒေကိုဖီဆန်သည့် မင်းမဲ့စရိုက်ဆန်သည့် လူစုလူဝေးဖြင့် အကြမ်းဖက်မှု များကို ထိန်းသိမ်းရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အနည်းဆုံးသော အင်အား အနိမ့်ဆုံးအဆင့်ဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိနေသော်လည်း ဥပဒေမဲ့အကြမ်းဖက်မှုများကြောင့် အချို့နေရာများတွင် နှစ်ဘက်စလုံးက မရှောင်လွှဲ နိုင်သည့် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့ပါသည်။ Gen Z ဟုခေါ်သည့် လူငယ်လူရွယ်ကလေး များသည် နောက်ကွယ်မှ မသမာသူများ ကြိုးကိုင်နေသည့် နိုင်ငံရေးကစားကွက်အတွင်း နယ်ရုပ်လေးများသဖွယ် အသုံးချခံနေရသည်ကို စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ တွေ့ရှိရပါ သည်။ ဆူပူအကြမ်းဖက်မှုများ ထိန်းသိမ်းဆောင်ရွက်မှုတွင် ရဲတပ်ဖွဲ့ဝင်အချို့ အသက် ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် ၎င်းတို့၏မိသားစုဝင်များ အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းများ ကြုံတွေ့ရလျက်ရှိပါသည်။

နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းသွားစေရန်ရည်ရွယ်သည့် CDM လှုပ်ရှား မှုသည်လည်း ခြိမ်းခြောက်၊ အကြပ်ကိုင်၊ ဖိအားပေးမှုများ၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများသို့ ပြောင်းလဲသွားပြီး Social Punishment ခေါင်းစဉ်ဖြင့် အပြစ်မဲ့ ဝန်ထမ်းများနှင့် သာမာန်ပြည်သူများအား လူထုကြားတွင် အရှက်ရစေရန် မဖွယ်မရာ နည်းလမ်းမျိုးစုံအသုံးပြု၍ ဆောင်ရွက်နေသည့်အပြင် လူစုလူဝေးနှင့် အနိုင်ကျင့် သတ်ဖြတ်သည့်အဆင့်အထိ လုပ်ဆောင်လာကြသည်ကို ရင်နင့်ဖွယ်တွေ့ရှိရပါသည်။ ထိုလုပ်ရပ်များသည် မြန်မာ့ယဉ်ကျေးမှုနှင့် မည်သည့်ဘာသာတရားကမျှ လက်မခံနိုင် သည့် ကိစ္စရပ်များဖြစ်သလို လူ့အခွင့်အရေးစံနှုန်းများကိုလည်း ဆိုးရွားစွာ ဖောက်ဖျက် ကျူးလွန်နေသည့် ကိစ္စရပ်များပင်ဖြစ်ပါသည်။

လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဆူပူဆန္ဒဖော်ထုတ်မှုများကို လေ့လာကြည့်လျှင် အဆင့် (၅) ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်။ တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်မှ စတင်၍ ဆန္ဒပြမှု များစတင်ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီ ပထမအပတ်နှင့် ဒုတိယအပတ်တွင် ဒီမိုကရေစီ ရရှိရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုများကို ငြိမ်းချမ်းစွာဆန္ဒပြမှု (Peaceful Protest) အသွင်(ပထမအဆင့်)အနေဖြင့် လုပ်ဆောင်ခဲ့ကြပါသည်။ ထိုဆန္ဒ ဖော်ထုတ်မှုများတွင် တပ်မတော်က အာဏာထိန်းသည်ကို မလိုလားသည့် လူတန်းစား ပေါင်းစုံနှင့် NLD ပါတီထောက်ခံသူများ ပါဝင်ခဲ့ကြပါသည်။

ဖေဖော်ဝါရီလ ဒုတိယအပတ်နှင့် တတိယအပတ်တွင် ငြိမ်းချမ်းစွာဆန္ဒပြမှုများ (Peaceful Protest) သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရေးနှင့် NLD ပါတီအာဏာပြန်လည်ရရှိရေးကို ဦးတည်လာပြီး CDM လှုပ်ရှား မှုများနှင့်အတူ လူစုလူဝေးနှင့်ဆန္ဒဖော်ထုတ်မှုများကို ဆူပူအကြမ်းဖက်ဆန္ဒပြမှု (Riots) အသွင်သို့ (ဒုတိယအဆင့်)အနေဖြင့် ပြောင်းလဲလုပ်ဆောင်လာခဲ့ကြပါသည်။ ထိုအဆင့်တွင် NLD ပါတီကိုထောက်ခံသူများ၊ နိုင်ငံရေးသမားများ၏ အသုံးချခံ လူငယ် များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို မလိုလားသည့် နိုင်ငံ့ဝန်ထမ်းများ ပါဝင် ခဲ့ကြပြီး CRPH ကဲ့သို့သော တရားမဝင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်လှုပ်ရှားလာကြ ပါသည်။

ဖေဖော်ဝါရီလ နောက်ဆုံးသီတင်းပတ်မှစတင်ပြီး ဆူပူအကြမ်းဖက်ဆန္ဒပြမှု (Riots) များသည် CRPH အဖွဲ့၏ ဦးဆောင်မှုဖြင့် NLD ပါတီဝင်များနှင့် နိုင်ငံတော် အစိုးရကို မလိုလားသည့် အဖျက်အမှောင့်သမားများ၏ နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများကြောင့် ဆူပူဆန္ဒပြသူလူငယ်အများစုကို ရှေ့တန်းတင်ပြီး မင်းမဲ့စရိုက် ပုံစံ လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်ဆန္ဒပြမှု (Anarchy Mob) အသွင် (တတိယ အဆင့်)သို့ ပြောင်းလဲလုပ်ဆောင်လာခဲ့ကြပါသည်။ ၎င်းအဆင့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ထိပ်တိုက်ရင်ဆိုင်ရန်ပြုတိုက်ခိုက်ခြင်း၊ ရဲစခန်းများအား နှောင့်ယှက်တိုက် ခိုက်ခြင်း၊ CDM တွင်မပါဝင်သူများ၊ NLD ပါတီမထောက်ခံသူများကို Social Punishment ပြုလုပ်ခဲ့ကြပါသည်။

မတ်လဆန်းမှစတင်ပြီး CRPH အဖွဲ့ဝင်များ၊ NLD ပါတီဝင်များနှင့် NLD ထောက်ခံသူများ၏ နောက်ကွယ်မှ လှုံဆော်ထောက်ပံ့မှုများကြောင့် မင်းမဲ့စရိုက်ပုံစံ လူစုလူဝေးဖြင့် အကြမ်းဖက်ဆန္ဒပြသူ (Anarchy Mob) များသည် လမ်းများပိတ်ဆို့ခြင်း၊ ရုံးဌာနများအားဖျက်ဆီးခြင်း၊ NLD ပါတီကိုမထောက်ခံသူများအား လူစုလူဝေးဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တုံ့ပြန်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး မင်းမဲ့စရိုက်ပုံစံ လူစုလူဝေး (Anarchy Mob) အသွင်မှ အကြမ်းဖက်အဖျက်လုပ်ငန်းလုပ်ဆောင်မှု (Violent Actions)  အသွင်(စတုတ္ထအဆင့်)သို့ ပြောင်းလဲဆောင်ရွက်လာကြပါသည်။

မတ်လ ဒုတိယသီတင်းပတ်မှစတင်ပြီး NLD ထောက်ခံသူများနှင့် အကြမ်းဖက် အဖျက်သမားများသည် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားအား ပျက်စီးစေရန် အကြမ်းဖက် အဖျက်လုပ်ငန်းများကို လုပ်ဆောင်ရာမှ ရရာလက်နက်စွဲကိုင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များကို ရန်ပြုတိုက်ခိုက်ခြင်း၊ ရဲစခန်းများအား ဝင်ရောက်စီးနင်းခြင်း၊ စက်ရုံအလုပ်ရုံ များအား မီးရှို့ဖျက်ဆီးလုယက်ခြင်းစသည့် အကြမ်းဖက်ပုန်ကန်မှု (Insurrection) အသွင်(ပဉ္စမအဆင့်)သို့ ပြောင်းလဲလုပ်ဆောင်လာခဲ့ကြပါသည်။ ၎င်းအဆင့်တွင် CRPH အဖွဲ့၏လှုံ့ဆော်မှုကြောင့် NLD ပါတီကို တက်ကြွစွာ ထောက်ခံသူများသည် ကြေးစား လူမိုက်လူရမ်းကားများနှင့် မူးယစ်ဆေးစွဲသူများကို အခကြေးငွေပေးပြီး နိုင်ငံရေး ရည်မှန်းချက်မဟုတ်သည့် နိုင်ငံတော်အလုံးစုံပျက်စီးရေးကို ရည်ရွယ်သည့် အဖျက် လုပ်ရပ်များ လုပ်ဆောင်လာကြပါသည်။ အချို့ဥပဒေဖောက်ဖျက်သူများနှင့် လူငယ်များ သည် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး နယ်စပ်သို့ထွက်ပြေးတိမ်း ရှောင်မှုများရှိနေပါသည်။ ထိုကိစ္စရပ်သည် ၁၉၈၈ ခုနှစ်အရေးအခင်းတွင်ဖြစ်ပွားခဲ့ပုံနှင့် အလားသဏ္ဌာန်တူပြီး ABSDF ကဲ့သို့လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ထပ်မံပေါ်ပေါက် လာစေရန် တွန်းအားပေးသကဲ့သို့ဖြစ်နေပြီး နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိ သော လုပ်ဆောင်ချက်များဖြစ်ပါသည်။ ထိုသို့ဖြစ်ပွားစေရန် CRPH နှင့် NLD အမာခံ များက အဓိကသွေးထိုးလှုံ့ဆော်မှုများဆောင်ရွက်ခဲ့ကြကြောင်းကို ဆိုရှယ်မီဒီယာများ ပေါ်၌ ၎င်းတို့၏ ရေးသားဖြန့်ဝေမှုများက သက်သေခံလျက်ရှိပါသည်။

ထိုသို့ ဆန္ဒပြမှုများသည် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများမှတစ်ဆင့် အကြမ်းဖက် ပုန်ကန်ထကြွသည်အထိ အဆင့်ဆင့်ပြောင်းလဲလာမှုတွင် တတိယအဆင့်မှစတင်ပြီး အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူအများစုအနေဖြင့် ပါဝင်ဆောင်ရွက်ခြင်းမရှိတော့ ကြောင်းတွေ့ရှိရပါသည်။ NLD ပါတီဝင်နိုင်ငံရေးသမားများသည် ၎င်းတို့အာဏာရရှိ စေရန် ကျူးလွန်ခဲ့သည့်ပြစ်မှုများအား ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းလိုခြင်းမရှိ သဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်အတွက် စိတ်ခံစားချက် ရှိသော ပြည်သူလူထုအား သွေးထိုးလှုံ့ဆော်ပြီး နိုင်ငံတော်အလုံးစုံပျက်စီးစေမည့် နည်းလမ်းများကို တတိယအဆင့် (Riots) မှစတင်ပြီး ပဉ္စမအဆင့် (Insurrection) အဆင့် အထိ မြေပေါ်/မြေအောက် ချိတ်ဆက် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပဉ္စမအဆင့် (Insurrection) သို့ရောက်ရှိလာခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၆ မြို့နယ်တွင် မတ်လ ၁၄ ရက်မှ စတင်ပြီး Martial Law ထုတ်ပြန် ဆောင်ရွက်ခဲ့ ကြောင်း တွေ့ရှိရပါသည်။

ထိုသို့ ထုတ်ပြန်လိုက်ခြင်းကြောင့် ဆူပူအကြမ်းဖက်မှုများကို ထိရောက်စွာ ထိန်းသိမ်းနိုင်ခဲ့သည့်အတွက် Martial Law ထုတ်ပြန်ထားသည့် မြို့ကြီးများအပါအဝင် အခြားမြို့ကြီးများတွင်ပါ တည်ငြိမ်အေးချမ်းမှုအခြေအနေများ တိုးတက်ကောင်းမွန် လာခဲ့ပါသည်။ ပြည်သူများသည်လည်း မိသားစုဘဝလုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးနှင့် လူမှုရေး၊ ကျန်းမာရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် လမ်းပိတ်ဆို့မှုများကို ဖယ်ရှားရှင်းလင်းနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဆန္ဒအလျှောက် ပူးပေါင်းဆောင်ရွက်လာကြသည်ကို တွေ့ရှိရပါသည်။ ပိတ်ဆို့တားဆီး ထားမှုများကို ရှင်းလင်းနိုင်ခဲ့သည့်အတွက် ရပ်ကွက်၊ မြို့တွင်းဈေးအသီးသီး၌ ပြန်လည် ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်လာခဲ့ကြပြီး တစ်စတစ်စ တည်ငြိမ်အေးချမ်းမှု တိုးတက်လာကြောင်း တွေ့ရှိရပါသည်။

လေ့လာတွေ့ရှိချက်အရ ဖေဖော်ဝါရီလ ၄ ရက်တွင် စတင်ဖြစ်ပွားခဲ့သော နိုင်ငံ တစ်ဝန်းဆူပူဆန္ဒပြမှုများသည် ဖေဖော်ဝါရီလ ၂၂ ရက်တွင် ၅,၁၄၀,၅၈၅ ဦးခန့် (နိုင်ငံ့လူဦးရေ၏ ၉.၅၂၀ %) ဖြင့် အမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ပြီး Martial Law ထုတ်ပြန်ခဲ့ပြီးနောက် မတ်လ ၁၄ ရက်တွင် ဆန္ဒပြသူအင်အား ၁၅,၆၀၀ ဦးခန့် (နိုင်ငံ့လူဦးရေ၏ ၀.၀၂၉ %) ရှိခဲ့ရာမှ မတ်လ ၂၁ ရက်တွင် ၃,၂၅၀ ဦးခန့် (နိုင်ငံ့လူဦးရေ၏ ၀.၀၀၆ %) အထိ သိသိသာသာ လျော့ကျသွားပြီး တစ်နေ့ထက် တစ်နေ့ အကြမ်းဖက်ဆန္ဒပြမှုများ လျော့ကျလာခဲ့သည်ကို တွေ့ရှိရပါသည်။ မြို့ကြီး အချို့တွင် အကြမ်းဖက်ဆန္ဒပြမှုများရှိနေသေးသော်လည်း တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ပြည်သူအများစု ပါဝင်ကြခြင်း မရှိတော့ဘဲ CRPH နှင့် NLD အမာခံ လူတစ်စု၏ ကြိုးဆွဲရာနောက်သို့ မျက်စိစုံမှိတ်လိုက်ပါပြီး  နိုင်ငံတော်တည်ငြိမ်အေးချမ်း မှုကို ပျက်ပြားစေမည့် လုပ်ရပ်များလုပ်ဆောင်လိုသည့် လူနည်းစုသာ ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရပါသည်။

သို့သော်လည်း ထိုအရှိတရားများနှင့် အချက်အလက်များကို ကျင့်ဝတ်နှင့်မညီ သည့် မီဒီယာများ၏ သတင်းအမှောင်ချထားမှုကြောင့် ပြည်သူလူထုထံသို့ ကျယ်ကျယ် ပြန့်ပြန့်ရောက်ရှိခြင်း မရှိသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတကာအသိုက်အဝန်းတွင် လည်း တစ်ဘက်တည်းကိုသာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သည့်သတင်းများကို Mainstream Media များမှတစ်ဆင့် ဖြန့်ဖြူးနေကြပါသည်။ Social Media များပေါ် တွင် သတင်းအမှားများနှင့် ၎င်းတို့ဖြစ်စေလိုသည့်သတင်းများကိုသာ တစ်ဖက်စောင်းနင်း ပုံဖျက်ထုတ်လွှင့်နေပြီး အမှန်တကယ် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူ များ၏ ဆန္ဒအမှန်များကို ဖုံးကွယ်လျက်ရှိပါသည်။

အထူးသဖြင့် ကျင့်ဝတ်နှင့်မညီသော ဆရာဝန်များ၏ CDM လှုပ်ရှားမှုကြောင့် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့်အတွက် ပြည်သူများ အလွန် အတိဒုက္ခရောက်လျက်ရှိကြပါသည်။ ထို့ကြောင့် တပ်မတော်မှဆရာဝန်များဖြင့် အစား ထိုးဆောင်ရွက်နေရပြီး တပ်မတော်ဆေးရုံများတွင်လည်း ပြည်သူများအားလုံးအတွက် အခမဲ့ဆေးကုသပေးနေသည်ကို တွေ့ရှိရသည်။ အထက်ပါကိစ္စများအပါအဝင် CDM လှုပ်ရှားမှုကြောင့် ဘဝပျက်ခဲ့ရသော ဝန်ထမ်းများ၏ ပကတိအခြေအနေမှန်ကို လူမှု ကွန်ရက်စာမျက်နှာများ၊ ကျင့်ဝတ်နှင့်မညီသောမီဒီယာများက ဖုံးကွယ်ဖျောက်ဖျက် ထားခဲ့ကြပါသည်။ ဤလုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ အပေါ် မှန်ကန်စွာသုံးသပ်မှုပျောက်ဆုံးစေပြီး မြန်မာနိုင်ငံကို နိုင်ငံရေးထောင်ချောက် အတွင်းသို့ မဟာဗျူဟာမြောက် တွန်းပို့နေမှုများသာ ဖြစ်ပါသည်။

နောက်ထပ်သုံးသပ်ရန်ရှိသည်မှာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အခန်းကဏ္ဍ ဖြစ်ပါသည်။ ကမ္ဘာ့ပညာရှင်များနှင့် မြန်မာ့အရေးကျွမ်းကျင်သူများသိရှိပြီးသည့်အတိုင်း NLD အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပါသည်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး၏ ဆုံမှတ်၊ သို့မဟုတ် ပေါင်းကူးတံတားအဖြစ် မှတ်ယူနိုင်သည့်အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေးကို NLD အစိုးရလက်ထက်တွင် တစ်ကြိမ်တစ်ခါမျှ ခေါ်ယူခဲ့ ခြင်းမရှိပါ။ ထင်ရှားသည့်သာဓကမှာ NLD အစိုးရအနေဖြင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာကြီးတစ်ခုလုံးကို ခြိမ်းခြောက်နေသည့် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်း စဉ်များတွင်ပင် တပ်မတော်၏ပူးပေါင်းဆောင်ရွက်မှုကို လက်မခံခဲ့ကြောင်း တွေ့ရှိရပါ သည်။ ထိုဖြစ်စဉ်များကိုလေ့လာကြည့်လျှင် NLD အစိုးရသည် ဆွေးနွေးညှိနှိုင်းအဖြေ ရှာပြီး ပူးပေါင်းဆောင်ရွက်ရသည့် ဒီမိုကရေစီအလေ့အကျင့်များနှင့် များစွာသွေဖည်နေ သည်ကိုတွေ့မြင်ရပါသည်။

          ထိုသို့သွေဖည်နေသော်လည်း NLD အစိုးရသည် ၎င်းတို့အာဏာရရှိချိန်မှစတင်၍ မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ကိုက်ညီမှုမရှိသော အတွေးအခေါ်အယူအဆ များ ကြီးထွားလာစေရန် ဆိုရှယ်မီဒီယာများမှတစ်ဆင့် အသုံးချဆောင်ရွက်ခဲ့ကြပါသည်။ ဤလုပ်ရပ်များသည် မြန်မာ့ယဉ်းကျေးမှုဓလေ့စရိုက်များတွင် အခြေခံစိတ်ဓာတ်ဖြစ်သည့် “အမျိုး၊ ဘာသာ၊ သာသနာ”ကို ထိန်းသိမ်းစောင့်ရှောက်လိုသည့်စိတ်ဓာတ်များ ယိုင်နဲ့ အောင် ကြံဆောင်လာခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထိုသို့လုပ်ဆောင်ချက်များ ကြောင့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း၌ အုပ်စုများစိတ်ဝမ်းကွဲပြားလာကာ စည်းလုံးညီညွတ်မှု ပျက်ပြားလာခဲ့ကြပါသည်။

          အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ “အမျိုးသားနိုင်ငံရေး” ကို တစ်စိုက်မတ်မတ် ရပ်တည်ဆောင်ရွက်နေသည့် တပ်မတော်ကိုလည်း ဒီမိုကရေစီစံနှုန်းများအကြောင်းပြ၍ ထိုးနှက်မှုများဆောင်ရွက်လာခဲ့ကြပါသည်။ တပ်မတော်သည် အရပ်ဘက်အုပ်ချုပ်မှု အောက်တွင်မရှိဟူသည့် NLD ၏ ကျိုးကြောင်းဆီလျော်မှုမရှိသည့် အကြောင်းပြချက် ဖြင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေခွင့်ပြုချက်အရ အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်နေမှုအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် NLD က အစဉ်တစိုက် ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြပါသည်။ ၎င်းအပြင် NLD အစိုးရလက်ထက် ၅ နှစ်တာ ကာလအတွင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို တစ်ကြိမ်တစ်ခါမှ ခေါ်ယူခဲ့ခြင်း မရှိခဲ့သလို လွှတ်တော်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်သားကိုယ်စားလှယ်များ၏ အဆိုတင်သွင်းမှုများအား ပယ်ချခဲ့သဖြင့် အစိုးရနှင့်တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အရေး များ၊ နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များ၌ တပ်မတော်၏ စွမ်းဆောင်နိုင်မှု များကိုအသုံးချနိုင်မည့်အခွင့်အရေးများ ဆုံးရှုံးခဲ့ကြောင်း တွေ့မြင်ရပါသည်။ တစ်ဘက် တွင်လည်း လွှတ်တော်အတွင်း မဲအသာစီးရရှိထားမှုအခွင့်အရေးကို အသုံးချပြီး နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်သည့် ဥပဒေများပြဋ္ဌာန်းခြင်း၊ ပယ်ဖျက်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် တပ်မတော်အား မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍမှ ဖယ်ရှားရန် ရည်ရွယ်ချက်ဖြင့် လွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ်များရှိနေခြင်းကို ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန်နှင့် တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုကအဆိုးမြင်စေရန် NLD ပါတီဝင်များက သွေးထိုး လှုံ့ဆော်ခဲ့ခြင်းများကြောင့် NLD အစိုးရသက်တမ်းကာလတစ်လျှောက် စစ်ဘက်-အရပ် ဘက်ဆက်ဆံရေး ကင်းကွာခဲ့ရပြီး လက်ရှိအချိန်တွင် တပ်မတော်အပေါ် ပြည်သူအချို့က မုန်းတီးစိတ်များ ဖြစ်ပေါ်နေကြောင်း စိတ်မကောင်းဖွယ်ရာ တွေ့မြင်ရပါသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ငြိမ်ချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ  ၅ ချက်နှင့် ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ယခင်အတိုင်း ဆက်လက်ကျင့်သုံး နေပြီး ကမ္ဘာ့နိုင်ငံအားလုံးနှင့် ခင်မင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လိုသောဆန္ဒကို ပြသ လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသ၏ မဟာဗျူဟာမြောက် အနေ အထားတွင် တည်ရှိနေခြင်းကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှု အကြား တွင် အမျိုးသားလုံခြုံရေးအတွက် ဘက်မလိုက်သောနိုင်ငံအဖြစ် ရပ်တည်သွားရန်လို အပ်ပါသည်။ သို့သော်လည်း နိုင်ငံတကာဆက်ဆံရေးသည် သရုပ်မှန်ဝါဒအလိုအရ Power Politics ဖြစ်သည့်အတွက် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံငယ်လေးများသည် အင်အား ကြီးနိုင်ငံများ၏ အဘက်ဘက်မှဖိအားပေးမှုများကို ရင်ဆိုင်နေကြရစမြဲဖြစ်ပါသည်။ ထို့ကြောင့် တစ်နိုင်ငံတည်း ရပ်တည်ရင်ဆိုင်ရန်မဖြစ်နိုင်ဘဲ မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လိုကြပါသည်။ မြန်မာနိုင်ငံအပေါ် ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သည့် အရေးယူပိတ်ဆို့မှုများသည်လည်း ထိရောက်မှုမရှိဘဲ ဘေးထွက်ဆိုးကျိုးများနှင့် တန်ပြန် သက်ရောက်မှုများသာ ဖြစ်ပေါ်ခဲ့ကြောင်း သမိုင်းကသက်သေခံပြီးဖြစ်ပါသည်။ အပြန် အလှန်လေးစားမှု၊ နားလည်မှုများသည် လူ့အဖွဲ့အစည်းတစ်ခုအတွင်း ကောင်းမွန်သော ဆက်ဆံရေး၊ သဟဇာတဖြစ်သည့်ဆက်ဆံရေး တည်ဆောက်မှုတိုင်းအတွက် အရေးကြီး ဆုံးသော့ချက်များဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးတွင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှ အစပြု၍ တပ်မတော်သည် အစဉ်အလာအရ အခိုင်မာဆုံး၊ အင်အားအတောင့်တင့်ဆုံး “Institution” တစ်ခုဖြစ်သည့်အတွက် နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားရင်ကြားစေ့ ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆောင်ရွက်ရာတွင် မည်သို့မျှပစ်ပယ်ထားရန် မဖြစ်နိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

တပ်မတော်သည် ပြည်သူအများလိုလားတောင့်တသော ပါတီစုံဒီမိုကရေစီစနစ်ကို စတင် အကောင်အထည်ဖော်ပေးခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အပြင် ပါတီစုံဒီမို ကရေစီ၏အသက်ဖြစ်သော ပွင့်လင်းမြင်သာပြီး စစ်မှန်သည့် ရွေးကောက်ပွဲမှ ထွက်ပေါ် လာသော အစိုးရတစ်ရပ်ကိုသာ လိုလားလျက်ရှိပါသည်။ ရိုးသားမှုမရှိသည့်နိုင်ငံရေး၊ စည်းကမ်းမရှိသည့်နိုင်ငံရေးဖြစ်ပါက ဒီမိုကရေစီ၏ အနှစ်သာရများ ပျက်သုဉ်းသွားမည် ဖြစ်သဖြင့် မဲမသမာမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲ ရလဒ်များကို ပြန်လည်စိစစ်ခဲ့ခြင်းဖြစ်ပါသည်။ ကြိုတင်ရည်ရွယ်ချက်ဖြင့် နိုင်ငံတော် တာဝန်ကို ခေတ္တထိန်းသိမ်းခဲ့ခြင်း မဟုတ်သလို အစိုးရတစ်ရပ်ကိုဖြုတ်ချပြီး အာဏာသိမ်း ခဲ့ခြင်းလည်းမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေကြေညာပြီး မလွှဲမရှောင်သာ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ခြင်း ဖြစ်ပါသည်။

ယခုအခါ တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ခေတ္တတာဝန်ယူထားရချိန် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို တိတိကျကျချမှတ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း ကို ထိန်းကျောင်းတည့်မတ်ပေးလျက်ရှိပါသည်။ ဤဆောင်ရွက်ချက်များသည် မြန်မာ နိုင်ငံအား ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက် ရေးတွင် အထောက်အပံ့ကောင်းများ ဖြစ်လာလိမ့်မည်ဟု ယုံကြည်လျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူများ လိုလားတောင့်တသည့် နိုင်ငံရေးစနစ်ကိုသာ အကောင်အထည်ဖော်ပေးရန် သံဓိဋ္ဌာန်အခိုင်အမာချမှတ်ထားပြီး ဖြစ်ပါသည်။ ပြည်သူအများစု မလိုလားသည့် စစ်အုပ်ချုပ်ရေးမဖြစ်စေလိုသဖြင့် နိုင်ငံတော် ကောင်စီတွင် အရပ်ဘက်ပုဂ္ဂိုလ်များအား ကောင်စီ၏ဖွဲ့စည်းပုံထက်ဝက်ကျော်ထည့်သွင်း ဖွဲ့စည်းထားကာ အရပ်ဘက်အုပ်ချုပ်ရေးကို တပ်မတော်အရာရှိကြီးများက ဝန်းရံထားပြီး ဆောင်ရွက်နေသည်ကို တွေ့မြင်နိုင်ပါသည်။ အရေးပေါ်ကာလပြီးဆုံးချိန် တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပပြီး ပြည်သူရွေးချယ်သည့် ပြည်သူ့အစိုးရစစ်စစ် ဖြစ်ပေါ်လာ စေရေးအတွက် တပ်မတော်က မဖြစ်မနေ ကြိုးပမ်းလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ယုံကြည်မိပါသည်။ လတ်တလော နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် စိတ်ရှည်သည်းခံစွာ အညင်သာဆုံး ထိန်းသိမ်းဆောင်ရွက်နေသလို နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်လုပ်ဆောင်လျက်ရှိကြောင်း တွေ့မြင်နိုင်ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေး သုံးပါးကို  အစဉ်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးကို တည့်မတ်ထိန်းသိမ်း ဆောင်ရွက် ပေးလျက်ရှိသည်ကို တွေ့မြင်နိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

မင်းခန့်