မေလ ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် ရွှေဘို-မန္တလေး ကားလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား PDF အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် မော်တော်ယာဉ်၏ ရှေ့၊ ဝဲ၊ ယာ လေကာမှန်များ ကွဲအက်ကာ ယာဉ်ကိုယ်ထည်တို့ ထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါ ယာဉ်ပေါ်လိုက်ပါစီးနင်းလာသည့် ခရီးသည်အမျိုးသမီး ၂ ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါသည်။
PDF အကြမ်းဖက်သမားများက စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများအပြင် ပြည်သူများ၏ ကိုယ်ပိုင်အကျိုးစီးပွားယာဉ်များကိုပါ အကြောင်းမဲ့ ဖောက်ခွဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက် သေကြေနိုင်သည်အထိ အကြမ်းဖက်မှုများအား ကျူးလွန်လျက်ရှိပါသည်။ ၎င်းတို့လုပ်ရပ်များအား ပြည်သူများက ပြစ်တင်ရှုတ်ချလျက်ရှိသည့်အပြင် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကိုလည်း ဝိုင်းဝန်းဆန့်ကျင်ကြရန် လိုလားလျက်ရှိပါသည်။
ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ဆေးကုသမှုခံယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- ရွှေဘို-မန္တလေးကားလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်အား PDF အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် အဆိုပါယာဉ်ပေါ်လိုက်ပါစီးနင်းလာသည့် ခရီးသည်အမျိုးသမီး ၂ ဦးတွင် ထိခိုက်ဒဏ်ရာ များရရှိခဲ့။
Add new comment