နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မွန်ပြည်နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်သင့်ပြည်သူများအား သဘာဝဘေးအန္တရာယ်ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မေလ ၂၀ ရက်မှစ၍ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ၊ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများ၊ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား မေလ ၂၂ ရက်တွင် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင်-

  • မေလ ၂၀ ရက်တွင် ဖြစ်ပွားခဲ့သည့် မုန်တိုင်းငယ်ကြုံတွေ့မှုတွင် ပြည်နယ် အစိုးရ၏မှန်ကန်သည့် စုဖွဲ့မှု၊ ကောင်းမွန်သည့် ဇာတ်တိုက်လေ့ကျင့်မှု၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၄ နာရီအတွင်း ဖြစ်ပေါ်ခဲ့သည့် ပြဿနာ အခက်အခဲများကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်း။
  • နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် သဘာဝဘေးအန္တရာယ်အပေါ် ပြည်နယ်အစိုးရ၏ ဖြေရှင်းဆောင်ရွက်မှုကို မျက်မြင်ကြည့်ရှု၍ လိုအပ်သည်များ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် ဘေးအန္တရာယ်ကျရောက်ခဲ့သည့် ဒေသခံပြည်သူများအား အားပေးစောင့်ရှောက်ရန် လာရောက်ခြင်းဖြစ်ကြောင်း။
  • မုန်တိုင်းအန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ငါးမျိုးဖြင့် သတိပေးစနစ်ကို အဆင့်လိုက် ကြိုတင်သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့ကြောင်း။
  • သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်လျှင် ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီများဖွဲ့စည်း၍ စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း။
  • စီမံချက်များရေးဆွဲရာတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၊ ဂီရိမုန်တိုင်း၊ တာလေငလျင်၊ ကလေး-ကလေးဝမြို့ မြစ်သာမြစ်နှင့် နေရဉ္စရာမြစ် ရေကြီးရေလျှံမှု စသည့် အတွေ့အကြုံများကို အခြေခံ၍ ရေးဆွဲထားပြီး ဒေသအလိုက်ဖြစ်ပေါ်တတ်သည့် မီးဘေး၊ ရေဘေး၊ လေဘေး စသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့ကို ထည့်သွင်းရေးဆွဲထားခြင်းဖြစ်ကြောင်း။
  • သဘာဝဘေးအန္တရာယ်ဟူသည် တားဆီးရန်မဖြစ်နိုင်သဖြင့် မဖြစ်မီက ကြိုတင်ပြင်ဆင်စုဖွဲ့ထားခြင်း၊ ဇာတ်တိုက်လေ့ကျင့်ထားခြင်းနှင့် ဖြစ်ပေါ်လာပါက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ဖြစ်ပွားပြီးပါကလည်း နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများ အတွက် ကြိုတင်မြော်တွေး၍ ပြင်ဆင်ထားရန်လိုကြောင်း။
  • ကြိုတင်သတ်မှတ်၍မရဘဲ တားဆီးရန်ခက်ခဲသော သဘာဝဘေးအန္တရာယ်များကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၊ ပြည်သူလူထု၊ အထောက်အကူအဖွဲ့များ၊ ပရဟိတအဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက သဘာဝဘေးအန္တရာယ်သင့်ပြည်သူများအတွက် ဆန်၊ အိမ်ဆောက်ပစ္စည်းများ၊ ထောက်ပံ့ငွေများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရ ယူကြပါသည်။ မွန်ပြည်နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ထိခိုက်ခဲ့သည့် ပြည်သူများအား ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများ၊ ထောက်ပံ့ငွေများ အပါအဝင် ထောက်ပံ့ပေးအပ်ခဲ့သည့်တန်ဖိုးမှာ စုစုပေါင်းငွေကျပ် သိန်းပေါင်း ၄၀၀ ကျော်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက သဘာဝဘေးအန္တရာယ်ထိခိုက်ခဲ့သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး အသင့်ပြင်ဆင်စုဖွဲ့ထားရှိသော ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ယာဉ်၊ ယန္တရားများကို လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့၊ ဖက်ခင်းလမ်းနှင့် တောင်ဝိုင်းလမ်းများတွင် ရေကြီးရေလျှံမှုများ လျှော့ချနိုင်ရန်အတွက် ဟောင်သရောမြစ်နှင့် အတ္ထရံမြစ်တို့ ဆုံရာနေရာများရှိ လုပ်ငန်းဆောင်ရွက် ပြီးစီးသည့်နေရာများနှင့် ဆောင်ရွက်ဆဲနေရာများသို့ ရောက်ရှိပြီး လုပ်ငန်းလိုအပ်ချက်များကို လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

  • မေလ ၂၀ ရက်တွင် ဖြစ်ပွားခဲ့သည့် မုန်တိုင်းငယ်ကြုံတွေ့မှုတွင် ပြည်နယ်အစိုးရ ၏မှန်ကန်သည့် စုဖွဲ့မှု၊ ကောင်းမွန်သည့် ဇာတ်တိုက်လေ့ကျင့်မှု၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၄ နာရီအတွင်း ဖြစ်ပေါ်ခဲ့သည့် ပြဿနာအခက်အခဲများကို ဖြေရှင်းပေးနိုင်ခဲ့။
  • သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်လျှင် ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီများဖွဲ့စည်း၍ စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိ။
  • ကြိုတင်သတ်မှတ်၍မရဘဲ တားဆီးရန်ခက်ခဲသော သဘာဝဘေးအန္တရာယ်များကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၊ ပြည်သူလူထု၊ အထောက်အကူအဖွဲ့များ၊ ပရဟိတအဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်။
  • မွန်ပြည်နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ထိခိုက်ခဲ့သည့် ပြည်သူများအား ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများ၊ ထောက်ပံ့ငွေများ အပါအဝင် ထောက်ပံ့ပေးအပ်ခဲ့သည့်တန်ဖိုးမှာ စုစုပေါင်းငွေကျပ်သိန်းပေါင်း ၄၀၀ ကျော်ဖြစ်။

Add new comment