ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကမ္ဘောဇဘဏ်ငွေသိမ်းယာဉ်ပေါ်မှ ငွေကျပ်သိန်း ၃,၀၀၀ လုယက်မှုကျူးလွန်ခဲ့သူများအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး

 

မေလ ၁၃ ရက်တွင် ကမ္ဘောဇဘဏ်မှ ဝန်ထမ်းသုံးဦးလိုက်ပါလာသော ဘဏ်ငွေသိမ်းယာဉ်သည် ရန်ကုန်မြို့အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲများမှငွေများအား လိုက်လံသိမ်းဆည်းခဲ့ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ(၁)ရှေ့၌ ယာဉ်ပေါ်မှ ဆာလာအိတ်လေးလုံးဖြင့်ထည့်ထားသည့် ငွေကျပ်သိန်း ၃,၀၀၀ အား လုယက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်မှာ ၎င်းဘဏ်ငွေသိမ်းယာဉ်သည် ကမ္ဘောဇဘဏ်ခွဲ(၁)ရှေ့တွင်ရပ်တန့်၍ ယာဉ်၏နောက်ခန်းတံခါးအားဖွင့်နေစဉ် နောက်မှလိုက်ပါလာသော YGN 5H/4572 Probox ယာဉ်ပေါ်မှ အမျိုးသားသုံးဦးဆင်းလာပြီး ဘဏ်ဝန်ထမ်းတစ်ဦးအား ဓားဖြင့်ခြိမ်းခြောက်ကာ ငွေသိမ်းယာဉ်ပေါ်မှ ဆာလာအိတ်လေးလုံးဖြင့်ထည့်ထားသည့် ငွေကျပ်သိန်း ၃,၀၀၀ အား လုယက်ယူဆောင်သွားခဲ့ပါသည်။ သို့ဖြစ်ပါ၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လုယက်မှုကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် YGN 5H/4572 Probox အမျိုးအစားမော်တော်ယာဉ်အား စုံစမ်းရှာဖွေခဲ့ရာတွင် အခင်းဖြစ်စဉ်က အဆိုပါမော်တော်ယာဉ်အား AYY CC-4512 နံပါတ်ပြားမှ YGN 5H/4572 နံပါတ်ပြားသို့ ပြောင်းလဲ တပ်ဆင်အသုံးပြု၍ လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် အဆိုပါ AYY CC-4512 Probox ယာဉ်နှင့် ယာဉ်ပိုင်ရှင်ဖြစ်သူတို့အား ထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့ပါသည်။

ယာဉ်ပိုင်ရှင်ဖြစ်သူ၏ထွက်ဆိုချက်အရ AYY CC-4512 Probox မော်တော်ယာဉ်အား ခရမ်းမြို့နယ်နေ ဝေလင်းထွန်း(ခ)ကိုထွန်း(၃၀နှစ်)အား ငှားရမ်းခဲ့ကြောင်း သိရှိရသဖြင့် ဝေလင်းထွန်းအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မေလ ၁၈ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ “The Lord” စားသောက်ဆိုင်အနီးတွင် ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိ တရားခံ ဝေလင်းထွန်း(ခ)ကိုထွန်း၏ ထွက်ဆိုချက်နှင့် စစ်ဆေးဖော်ထုတ်ချက်များအရ-

  • ဝေလင်းထွန်းပါ ၄ ဦးတို့သည် လုယက်ရာမှရရှိလာသည့်ငွေများအား တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀၀ စီ ခွဲဝေယူဆောင်ခဲ့ကြောင်း။

  • သင်္ဃန်းကျွန်းမြို့နယ်ရှိ “ရတနာ”ဟိုတယ်၌ ထွဋ်ခေါင်မင်း(ခ) ထက်လင်းကျော်(၂၃နှစ်)၊ ဇင်ကိုကိုဦး(ခ)ဇင်ကို(၂၇)နှစ်နှင့် လုယက်မှုကျူးလွန်ရာမှ ရရှိသည့်သက်သေခံငွေများအား သိမ်းဆည်းပေးသူ သိန်းဇော်ဦး(ခ)သားငယ် (၂၄နှစ်)တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့။

  • မြောက်ဥက္ကလာပမြို့နယ်၊ အထွေထွေရောဂါကုဆေးရုံကြီးအရှေ့၌ ဇွဲကြီး(ခ) ဇွဲပြည့်စုံမှူး(၂၇နှစ်)အား လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့်ငွေများအနက်မှ ငွေကျပ် ၅၁၀,၀၀၀ ဖြင့်ဝယ်ယူထားသည့် ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့။

  • ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဇွဲကြီး(ခ)ဇွဲပြည့်စုံမှူး၏ လုယက်မှုကျူးလွန်ရာမှရရှိသည့် သက်သေခံငွေများအား သိမ်းဆည်းပေးသူ နှင်းဝေဝေဖူး(ခ) ဖူးဖူး(၂၇နှစ်)အား ၎င်း၏နေအိမ်အတွင်းမှ သိမ်းဆည်းရမိသည့် ငွေကျပ် ၃၂၂ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့။

  • ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်များအရ ၎င်းတို့အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများနှင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ပြည်သူလူထုများအကြား စိုးရိမ်ထိတ်လန့်မှုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ အလစ်အငိုက်အပေါ် အခွင့်ကောင်းယူကာ ငွေကြေးလိုအပ်ချက်အပေါ်အခြေခံပြီး ဒုစရိုက်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း။

ဖြစ်စဉ်တွင် လုယက်မှုကျူးလွန်သူ တရားခံအမျိုးသားငါးဦးနှင့် ပူးပေါင်းပါဝင်သူ အမျိုးသမီးတစ်ဦးတို့အား သက်သေခံပစ္စည်းများဖြစ်သည့် ငွေကျပ်သိန်း ၂,၂၁၀ နှင့် လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် AYY CC-4512 Probox ယာဉ်တစ်စီး၊ လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် ဆိုင်ကယ်တစ်စီး၊ ရွှေဆွဲကြိုးတစ်ကုံး၊ လက်ကိုင်ဖုန်းသုံးလုံးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကမ္ဘောဇဘဏ်ငွေသိမ်းယာဉ်ပေါ်မှ ငွေကျပ်သိန်း ၃,၀၀၀ ကို လုယက်မှုကျူးလွန်ခဲ့သူ တရားခံ ၆ ဦးအား သက်သေခံပစ္စည်းများဖြစ်သည့် ငွေကျပ်သိန်း ၂,၂၁၀နှင့် လုယက်မှုကျူးလွန်စဉ်အသုံးပြုခဲ့သည့် Probox ယာဉ်တစ်စီး၊ လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့်ဝယ်ယူထားသည့် ဆိုင်ကယ်တစ်စီး၊ ရွှေဆွဲကြိုးတစ်ကုံး၊ လက်ကိုင်ဖုန်းသုံးလုံးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့။

  • ဖမ်းဆီးရမိသူ တရားခံများ၏ထွက်ဆိုချက်များအရ ၎င်းတို့အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများနှင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ပြည်သူလူထုများအကြား စိုးရိမ်ထိတ်လန့်မှုများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်အပေါ် အခွင့်ကောင်းယူကာ ငွေကြေးလိုအပ်ချက်အပေါ်အခြေခံပြီး ဒုစရိုက်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်။

Add new comment