မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် ရာထူးနှင့်လုပ်ပိုင်ခွင့်ကိုအကြောင်းပြု၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးများရယူသုံးစွဲခဲ့မှုများအပေါ် ဥပဒေနှင့်အညီအရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှတွေ့ရှိချက်များအရ-
- ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်လျက် ၂၀၁၈ ခုနှစ်မှစတင်၍ သံလွင်မြစ်အတွင်း သဲများစုပ်ယူထုတ်လုပ်ခဲ့ရာတွင် လုပ်ငန်းရှင်များထံမှ စုစုပေါင်းငွေကျပ် သိန်း ၅,၆၉၀ကျော်ကို လက်ခံရယူခဲ့ခြင်း။
- သဲသောင်တူးဖော်ရေးလုပ်ငန်းတွင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ စာရင်းသို့ ပေးသွင်းရမည့် ဓာတ်သတ္ထုခွန်အား လုပ်ပိုင်ခွင့်မရှိဘဲ လျော့နည်းပေးသွင်းရန် ခွင့်ပြုခဲ့ခြင်းကြောင့် နိုင်ငံတော်မှရရှိမည့် ဘဏ္ဍာငွေကျပ်သိန်း ၁,၃၂၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်း။
- ကိုဗစ်-၁၉ ရန်ပုံငွေများမှ ငွေကျပ်သိန်း ၈၅၀ ကို ပုဂ္ဂိုလ်ရေးအရ အခြားသူများသို့ ခေတ္တထုတ်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်မှုမရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေးပိုင်ဆိုင်မှုကို နစ်နာဆုံးရှုံးစေခဲ့ခြင်း။
အဆိုပါ အမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အေးဇံအား မွန်ပြည်နယ်တရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်တွင် ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁ မှ ၉/၂၀၂၁ တို့ဖြင့် ဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ ထောင်ဒဏ် ၂၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။
- မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် ရာထူးနှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခဲ့ကြောင်း ပြစ်မှုထင်ရှားသဖြင့် ၎င်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ထောင်ဒဏ် ၂၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့။
Add new comment