မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၄ ရက်တွင် ယာဉ်မောင်း ဝင်းလှိုင် (ခ) ဦးချယ်နှင့် လှဘော်တို့အား မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ဒေသကာလ တန်ဖိုးငွေကျပ် ၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂၅၁ ကီလိုတင်ဆောင်ထားသည့် TOYOTA WISH မော်တော်ယာဉ်နှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၌ ဖမ်းဆီးရမိခဲ့ပါသည်။
၎င်းတရားခံများအား စစ်ဆေးဖော်ထုတ်ချက်များအရ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်ခဲ့ကြသည့် တရားခံ ၁၂ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါဖမ်းဆီးရမိတရားခံ ၁၄ ဦးနှင့် ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး ၄ ဦး၊ စုစုပေါင်းတရားခံ ၁၈ ဦးတို့အား တာဝန်ရှိသူများက ဥပဒေနှင့်အညီ အရေးယူထားရှိပြီးဖြစ်ကြောင်းနှင့် သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ထိုမှတစ်ဆင့် ရေကြောင်းလမ်းအသုံးပြု၍ မလေးရှားနိုင်ငံရေပိုင်နက်သို့ သယ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ၎င်းတို့၏ မူးယစ်ဆေးဝါးရောင်းဝယ်လုပ်ကိုင်ရာမှရရှိသည့် အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများ စိစစ်ဖော်ထုတ်၍ ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ မလေးရှားနိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (NADA)တို့နှင့်ပူးပေါင်း၍ ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိတရားခံများအနက် ထိုင်းနိုင်ငံသား စိုင်းရှန်ဖ (ခ) ဘောန်(ခ) Mr. Piayapong Khammongkhon သည် ထိုင်းနိုင်ငံတွင် လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတို့ဖြင့် အလိုရှိတရားခံပြေး ၁ ဦးဖြစ်ကြောင်း သိရှိရပါသည်။
- မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ဒေသကာလ တန်ဖိုးငွေကျပ် ၆ ဒသမ ၂ ဘီလီယံ ကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂၅၁ ကီလိုကို မြောက်ဥက္ကလာပမြို့နယ်၌ တရားခံများနှင့်အတူ ဖမ်းဆီးရမိခဲ့။
- အိုက်စ် (မက်သ်အဖက်တမင်း) များသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် စုစုပေါင်းတရားခံ ၁၈ ဦးကို ဥပဒေနှင့်အညီအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ မလေးရှားနိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ (NADA)တို့နှင့်ပူးပေါင်း၍ ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိပြီး ဖမ်းဆီးရမိတရားခံများအနက် ထိုင်းနိုင်ငံသား စိုင်းရှန်ဖ (ခ) ဘောန် (ခ) Mr. Piayapong Khammongkhon သည် ထိုင်းနိုင်ငံတွင် လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတို့ဖြင့် အလိုရှိတရားခံပြေး ၁ ဦးဖြစ်။
Add new comment