ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာအမျိုးသမီးဘောလုံးအသင်းအား နိုင်ငံတော်ထံမှပေးအပ်သည့် ဂုဏ်ပြုဆုငွေ အမေရိကန်ဒေါ်လာတစ်သိန်းချီးမြှင့်

 

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားသည့် မြန်မာအမျိုးသမီးဘောလုံးအသင်းအား မေလ ၁၆ ရက်တွင် သွားရောက် တွေ့ဆုံခဲ့ပြီး နိုင်ငံတော်မှချီးမြှင့်ငွေ အမေရိကန်ဒေါ်လာတစ်သိန်းကို ပေးအပ်ချီးမြှင့်ကာ အားပေးစကားများပြောကြားခဲ့ပါသည်။  

          အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်နိုင်မှုရရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ ပြိုင်ပွဲဝင်အားကစားသမားများ၊ နည်းပြနှင့် အသင်းအုပ်ချုပ်သူများအား ထိုက်ထိုက်တန်တန်ဂုဏ်ပြုဆုချီးမြှင့်လျက်ရှိရာ အားကစားသမားတစ်ဦးချင်းအတွက် ရွှေတံဆိပ်တစ်ဆုလျှင် သိန်း ၃၀၀၊ ငွေတံဆိပ်တစ်ဆုလျှင် သိန်း ၂၀၀၊ ကြေးတံဆိပ်တစ်ဆုလျှင် သိန်း ၁၀၀၊ အသင်းလိုက်ပြိုင်ပွဲများအတွက် ရွှေတံဆိပ်ဆုရလျှင် သိန်း ၁၀၀၊  ငွေတံဆိပ်ဆုရလျှင် သိန်း ၇၀၊ ကြေးတံဆိပ်ဆုရလျှင် ၃၅ သိန်း၊ ဆုရအားကစားနည်းမှ နည်းပြတစ်ဦးချင်းအတွက် ရွှေတံဆိပ်ဆုရလျှင် သိန်း ၁၀၀၊ ငွေတံဆိပ်ဆုရလျှင် သိန်း ၅၀၊ ကြေးတံဆိပ်ဆုရလျှင် သိန်း ၃၀၊ အုပ်ချုပ်မှုအဖွဲ့များအတွက် ရွှေတံဆိပ်ဆုရလျှင် သိန်း ၁၀၀၊ ငွေတံဆိပ်ဆုရလျှင် သိန်း ၅၀၊ ကြေးတံဆိပ်ဆုရလျှင် သိန်း ၃၀ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။

          နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး အစွမ်းကုန်ကြိုးစားနေကြသော ပြိုင်ပွဲဝင်အားကစားသမားများကို ဆုတံဆိပ်ရရှိသည်နှင့်တစ်ပြိုင်နက် နိုင်ငံတော်မှ ပြိုင်ပွဲကွင်းအတွင်း၌ပင် တစ်ဦးချင်းပြိုင်ပွဲ ရွှေတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၃,၀၀၀၊ ငွေတံဆိပ် တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၂,၀၀၀၊ ကြေးတံဆိပ်တစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၁,၀၀၀ နှုန်းဖြင့်လည်းကောင်း၊ အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိပါက တစ်ဦးချင်းစီ အမေရိကန်ဒေါ်လာ ၁,၀၀၀၊ ငွေတံဆိပ်ဆုရရှိပါက တစ်ဦးချင်းစီ အမေရိကန်ဒေါ်လာ ၇၅၀၊ ကြေးတံဆိပ်ဆုရရှိပါက တစ်ဦးချင်းစီ အမေရိကန်ဒေါ်လာ ၅၀၀ နှုန်းဖြင့် ထပ်ဆောင်းချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

  • ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားသည့် မြန်မာအမျိုးသမီး ဘောလုံးအသင်းအား နိုင်ငံတော်မှချီးမြှင့်ငွေ အမေရိကန်ဒေါ်လာတစ်သိန်းကို ပေးအပ်ချီးမြှင့်ခဲ့။

 

 

 

 

Add new comment