ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဆိုင်ကလုန်းမုန်တိုင်း ASANI နှင့်ပတ်သက်၍ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်စစ်ဆေး

 

ဘင်္ဂလားပင်လယ်အော်အတွင်း လက်ရှိဖြစ်ပေါ်နေသည့် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ASANI ဖြတ်သန်းရာ ခန့်မှန်းလမ်းကြောင်းနှင့် ဆက်စပ်သတင်းအချက်အလက်များကို အခြေခံ၍ လိုအပ်သောဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများသည် မေလ ၉ ရက်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အာစန်နီ (Asani)” ၏ တည်နေရာ၊ ဗဟိုလေတိုက်နှုန်း၊ မုန်တိုင်းဖြတ်သန်းမည့် ခန့်မှန်းရွေ့လျားလမ်းကြောင်းများနှင့်တကွ ဆိုင်ကလုံးမုန်တိုင်း၏ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မုန်တိုင်းဖြစ်ပေါ်နေစဉ် အချိန်ကာလအတွင်း မုန်တိုင်းဖြတ်သန်းမည့် ခန့်မှန်းလမ်းကြောင်းကို နေ့ရက်အချိန်အလိုက် စဉ်ဆက်မပြတ်စောင့်ကြည့်စေလိုကြောင်းနှင့် သို့မှသာမုန်တိုင်းလမ်းကြောင်းပြောင်းလဲမှုနှင့် သက်ရောက်မှုကို အချိန်မီသိရှိ နိုင်ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအား အချိန်နှင့်တပြေးညီ စီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းမှာကြားခဲ့ ပါသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ၊ နိုင်ငံတကာမိုးလေဝသ Website များမှ အချက်အလက်များကိုရယူ၍ လိုအပ်သောဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု  လုပ်ငန်းများကို အသိပေးနှိုးဆော်ခြင်း နှင့် ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိခြင်းတို့အား သက်ဆိုင်ရာနယ်မြေများအလိုက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ထားရှိကြောင်း သိရှိရပါသည်။

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဘင်္ဂလားပင်လယ်အော်အတွင်း လက်ရှိဖြစ်ပေါ်နေသည့်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ASANI ဖြတ်သန်းရာ ခန့်မှန်းလမ်းကြောင်းနှင့် ဆက်စပ်သတင်းအချက်အလက်များကိုအခြေခံ၍ လိုအပ်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့။
  • ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ၊ နိုင်ငံတကာမိုးလေဝသ Website များမှ အချက်အလက်များကိုရယူ၍ လိုအပ်သော ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို အသိပေးနှိုးဆော်ခြင်းနှင့် ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိခြင်းတို့အား သက်ဆိုင်ရာနယ်မြေများအလိုက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ထားရှိ။

Add new comment