သတင်းအတု၊ သတင်းအမှားများသည် လူသတ်လက်နက်တစ်မျိုးဟုပင်ဆိုနိုင်ပြီး သတင်းမှားတစ်ပုဒ်ရေးသားချက်က လူပေါင်းများစွာကို သေတွင်းသို့ ပို့ဆောင်နိုင်ကြောင်း၊ မဟုတ်မမှန်လိမ်လည်ထားသောသတင်းတု၊ သတင်းအမှားများကို ယုံကြည်လက်ခံမိသော လူငယ်လူရွယ်တို့ ဘဝနစ်မွန်းသွားကြကြောင်း၊ နိုင်ငံတစ်နိုင်ငံမတည်မငြိမ်ဖြစ်နေမှ သူတို့အတွက်ကောင်းကျိုးဖြစ်ထွန်းနေမည်ဖြစ်သော ပြည်ပနိုင်ငံအချို့က အဖျက်အမှောင့်အမျိုးမျိုးတွင် သတင်းအတု၊ သတင်းအမှား ထုတ်လွှင့်ခြင်းသည် အကောင်းဆုံးသောဖျက်နည်းအဖြစ် ခံယူထားသည့်အတိုင်း လုပ်ဆောင်နေကြကြောင်း မြဝတီသတင်းစာ၏ အယ်ဒီတာ့အာဘော်ကဏ္ဍတွင် ရေးသားဖော်ပြထားပါသည်။
အယ်ဒီတာ့အာဘော်
အွန်လိုင်းမီဒီယာများက ကမ္ဘာကြီးတွင် သဘောထားကွဲလွဲမှုများနှင့် တင်းမာမှုများကိုဖြစ်စေရန် မီးထိုးပေးနေကြောင်း နိုင်ငံတကာသတင်းတစ်ပုဒ်တွင်ဖော်ပြထားသည်။ စည်းကမ်းဖြင့် ထိန်းသိမ်းထားခြင်းမရှိသော အွန်လိုင်းမီဒီယာများသည် သတင်းတုများ နှင့် ဝါဒဖြန့်မှုများကို ဖြန့်ဖြူးနေသောကြောင့် ကမ္ဘာတစ်ဝန်းတွင် နိုင်ငံရေးအရသဘောထားကွဲလွဲမှုများနှင့် တင်းမာမှုများဖြစ်စေရန် မီးထိုးပေးနေကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က မေ ၃ ရက်တွင် ထုတ်ပြန်ကြောင်းဖော်ပြထားသည်။ သတင်းတုများဖြန့်ဖြူးနေသော လူမှုကွန်ရက်မီဒီယာများကြောင့် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း များတွင် အက်ကြောင်းများ ပိုမိုဖြစ်ပေါ်လာကြောင်းကို ထိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်းအတု သတင်းအမှားထုတ်ပြန်မှုများပြားလာခြင်းကို ကာကွယ်နိုင်ရေးအတွက် သင့်လျော်သည့် ဥပဒေကြောင်းအရဖြစ်သော မူဘောင်များကို ချမှတ်ရန်လိုအပ်လာကြောင်း ညွှန်ပြထားသည်။ သတင်းအတု သတင်းအမှားများသည် အမှန်တကယ်တော့ လူသတ်လက်နက်တစ်မျိုးဟုပင် ဆိုနိုင်သည်။ ကျည်တစ်တောင့်သည် လူတစ်ယောက်ကို ထိမှန်နိုင်ချင်မှထိနိုင်သော်လည်း သတင်းမှားတစ်ပုဒ်ရေးသားချက်က လူပေါင်းများစွာကို သေတွင်းသို့ ပို့ဆောင်နိုင်လေသည်။ လက်တွေ့ဥပမာအားဖြင့်ပြရလျှင် မြန်မာနိုင်ငံအတွင်း အဖျက်လုပ်ရပ်မျိုးစုံလုပ်ဆောင်နေသော အကြမ်းဖက်အဖျက်သမားတို့က မိမိတို့နှင့် သဘောထားချင်းမတိုက်ဆိုင်သော ကျေးရွာတစ်ရွာအား ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးလိုက်သည်။
အွန်လိုင်းပေါ်တွင် သို့တည်းမဟုတ် အခြားသောသတင်းဌာနတွင် ထိုသတင်းကို ချက်ချင်းဖော်ပြပါရှိလာသည်။ အကြမ်းဖက်အဖျက်သမားတို့၏ လူသတ်၊ ရွာမီးရှို့လုပ်ရပ်များ ကွယ်ပျောက်သွားပြီး ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးသူများက မီးရှို့သူများဖြစ်သွားအောင် ရေးသားတတ်ကြသည်။ တစ်ကြိမ်တစ်ခါလည်းမဟုတ်၊ အကြိမ်ကြိမ်အခါခါ သတင်းအမှားဖြန့်ဖြူးသည်။ ဒေသခံပြည်သူများအနေဖြင့် သတင်းအမှန်သိကြသော်လည်း အခြားသောပြည်ပနိုင်ငံများ၊ အကြမ်းဖက်အဖျက်သမားတို့ကို လက်ခံနေသူများက သတင်းအမှားကို အမှန်ဟုယုံကြည်သွားတတ်ကြသည်။
မဟုတ်မမှန်လိမ်လည်ထားသောသတင်းအတု၊ သတင်းအမှားများကို ယုံကြည်လက်ခံမိသော လူငယ်လူရွယ်တို့ဘ၀ နစ်မွန်းသွားကြသည်။ လက်နက်ကိုင်စွဲကာ အဖျက်လုပ်ရပ်များ လုပ်ဆောင်နေရသည်ကိုပင် ဂုဏ်ယူနေတတ်ကြသည်။ တချို့ကမှားမှန်းသိနေသော်လည်း ရုန်းကန်ထွက်ဖို့ မလွယ်ကူတော့ပေ။ မိသားစုပေါင်းများစွာ၊ လူငယ်မောင်မယ်ပေါင်းများစွာတို့ သောကပင်လယ်မှာမျောသွားကြသည်။ ညွှန်ကြားသူနှင့် သတင်းအတုဖန်တီးသူတို့က ငွေထုပ်ပိုက်ကာ ပျော်နေကြချိန်တွင် ထိုလူငယ်အပေါင်းတို့ကား ယနေ့လားမနက်ဖြန်လား မသေချာသောအနာဂတ်နှင့် ဒုက္ခပေါင်းစုံကို ကြိုလင့်နေရတော့သည်။ ထို့ကြောင့် သတင်းအတု၊ သတင်းအမှားများကို ဖန်တီးသူများကား လူသတ်သမားထက်ပင် ဆိုးရွားရက်စက်သူများဟု ဆိုနိုင်ပေသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားအားလုံးတွင် ဒီမိုကရေစီအခွင့်အရေးများရှိထားပြီးဖြစ်ပါသည်။ ဒီမိုကရေစီအခွင့်အရေးအရ မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိပြီး လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်များရှိထားပြီးဖြစ်ပါသည်။ ထိုအခွင့်အရေးများမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် ဆန့်ကျင်မှုမရှိသော အခွင့်အရေးများသာ ဖြစ်ရပေမည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲတွင် ပေါ်ပေါက်လာခဲ့သော ဆန္ဒဖော်ထုတ်မှုသည် ရိုးသားစွာဆန္ဒထုတ်ဖော်မှုမဟုတ်တော့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် တန်ပြန်လက်နက်ကိုင် ပစ်ခတ်တိုက်ခိုက်မှုအဆင့်သို့ရောက်ရှိလာပြီး စက်ရုံ၊အလုပ်ရုံများကို မီးရှို့ဖျက်ဆီးခြင်း၊ သဘောထား မတိုက်ဆိုင်သူများကို သတ်ဖြတ်ခြင်းစသည်ဖြင့် အကြမ်းဖက်လုပ်ရပ်များကို ဆိုးဆိုးရွားရွားလုပ်ဆောင်လာခဲ့ကြသည်။ မီးလောင်ရာလေပင့် တိုက်သည့်ပမာ ပြည်ပမီဒီယာများ၊ ပြည်ပအားကိုးမီဒီယာများက အားပေးအားမြှောက်ပြုခဲ့သဖြင့် လူငယ်မောင်မယ်တို့ဘ၀ နစ်မွန်းခဲ့ကြရသည်။
ဖြစ်ရပ်မှန်၊ အကြောင်းရင်းအခြေခံဖြစ်သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမဲမသမာမှု တရားမဲ့ပြုမှုကို ဖုံးကွယ်အမှောင်ချကာ သွေးထိုးလှုံ့ဆော်မှုပြုခဲ့ကြသည်။ မျက်ဖြူဆိုက်လေဆရာကြိုက်လေဆိုသည့်အတိုင်း နိုင်ငံတစ်နိုင်ငံ မတည်မငြိမ်ဖြစ်နေ မှ သူတို့အတွက် ကောင်းကျိုး ဖြစ်ထွန်းနေမည်ဖြစ်သော ပြည်ပနိုင်ငံအချို့က အဖျက်အမှောင့်အမျိုးမျိုးတွင် သတင်းအတု၊ သတင်းအမှား ထုတ်လွှင့်ခြင်းသည် အကောင်းဆုံးသော ဖျက်နည်းအဖြစ် ခံယူထားသည့်အတိုင်း လုပ်ဆောင်နေခြင်းဖြစ်သည်။ မြန်မာပြည်သူများအနေဖြင့်မူ အဆိုပါပြည်ပနိုင်ငံအချို့၏ သတင်းအတု၊ သတင်းအမှားများ ထုတ်လွှင့်မှုကို ရွံရှာမုန်းတီးနေပြီဖြစ်သည့်အပြင် အဆိုပါသတင်းအတု သတင်းအမှားကြောင့် လူငယ်မောင်မယ်တို့ဘ၀ ဒုက္ခနွံတွင်းကျရောက်နေခြင်းကို အလိုမရှိပါကြောင်း ရေးသားလိုက်ရပေသည်။
- အွန်လိုင်းမီဒီယာများက ကမ္ဘာကြီးတွင် သဘောထားကွဲလွဲမှုများနှင့် တင်းမာမှုများကိုဖြစ်စေရန် မီးထိုးပေးနေကြောင်းနယ်စည်းမခြား သတင်းထောက်များအဖွဲ့က မေ ၃ ရက်တွင် ထုတ်ပြန်ခဲ့။
- ထုတ်ပြန်ချက်တွင် သတင်းအတု၊ သတင်းအမှားထုတ်ပြန်မှုများပြားလာခြင်းကို ကာကွယ်နိုင်ရေးအတွက် သင့်လျော်သည့် ဥပဒေကြောင်းအရဖြစ်သော မူဘောင်များကို ချမှတ်ရန်လိုအပ်လာကြောင်း ညွှန်ပြထား။
- မြန်မာနိုင်ငံအတွင်း အကြမ်းဖက်သမားတို့က မိမိတို့နှင့် သဘောထားချင်းမတိုက်ဆိုင်သော ကျေးရွာတစ်ရွာအား ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့သော်လည်း အွန်လိုင်းပေါ်တွင် သို့မဟုတ် အခြားသတင်းဌာနတွင် ထိုသတင်းကို ချက်ချင်းဖော်ပြပါရှိလာသည်မှာ အကြမ်းဖက် သမားတို့၏ လူသတ်၊ ရွာမီးရှို့လုပ်ရပ်များ ကွယ်ပျောက်သွားပြီး ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးသူများက မီးရှို့သူများ ဖြစ်သွားအောင်ရေးသားတတ်၊ တစ်ကြိမ်တစ်ခါလည်းမဟုတ်၊ အကြိမ်ကြိမ်အခါခါ သတင်းအမှားဖြန့်ဖြူး။
- ဒေသခံပြည်သူများအနေဖြင့် သတင်းအမှန်သိကြသော်လည်း အခြားသော ပြည်ပနိုင်ငံများ၊ အကြမ်းဖက်အဖျက်သမားတို့ကို လက်ခံနေသူများက သတင်းအမှားကို အမှန်ဟု ယုံကြည်သွားတတ်။
- ပြည်ပမီဒီယာများ၊ ပြည်ပအားကိုးမီဒီယာများက ဖြစ်ရပ်မှန်၊ အကြောင်းရင်း အခြေခံဖြစ်သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမဲမသမာမှု တရားမဲ့ပြုမှုကို ဖုံးကွယ်အမှောင်ချကာ သွေးထိုးလှုံ့ဆော်မှုပြုခဲ့သဖြင့် လူငယ်မောင်မယ်တို့ဘ၀ နစ်မွန်းခဲ့။
- ပြည်ပနိုင်ငံအချို့က အဖျက်အမှောင့်အမျိုးမျိုးတွင် သတင်းအတု၊ သတင်းအမှား ထုတ်လွှင့်ခြင်းသည် အကောင်းဆုံးသော ဖျက်နည်းအဖြစ် ခံယူထားသည့်အတိုင်း လုပ်ဆောင်နေခြင်းဖြစ်။
- မြန်မာပြည်သူများအနေဖြင့် ငါပြည်ပနိုင်ငံအချို့၏ သတင်းအတု၊ သတင်းအမှားများ ထုတ်လွှင့်မှုကို ရွံရှာမုန်းတီးနေပြီဖြစ်သည့်အပြင် သတင်းအတု သတင်းအမှားကြောင့် လူငယ်မောင်မယ်တို့ဘ၀ ဒုက္ခနွံတွင်းကျရောက်နေခြင်းကို အလိုမရှိ။
Add new comment