PDF အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ လူနေအိမ်များနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိ

 

နိုင်ငံရေးအစွန်းရောက် PDF အကြမ်းဖက်သမားများအနေဖြင့် အချို့မြို့နယ်များရှိ ကျေးရွာများမှ ၎င်းတို့ကို ထောက်ခံအားပေးမှုမရှိသည့် ဒေသခံပြည်သူလူထုတို့အား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့အပေါ် ထောက်ခံအားပေးရန်၊ ဆက်ကြေးများပေးဆောင်လာစေရန် ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်ရန်အတွက် အပြစ်မဲ့ပြည်သူများအား သတင်းပေးဒလန်များအဖြစ်စွပ်စွဲ၍ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ဒေသန္တရလက်လုပ်ဗုံး/မိုင်းများ၊ လက်နက်ကြီး/ငယ်များ အသုံးပြု၍ စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့/ရွာများအတွင်းသို့ မိုင်းထောင် ဖောက်ခွဲတိုက် ခိုက်ခြင်း၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ် မှန်သမျှကို အဆင်အခြင်မဲ့ရက်စက်စွာ ကျူးလွန်လျက်ရှိပါသည်။

  • ဧပြီလ ၃၀ ရက်တွင် PDF အကြမ်းဖက်သမားများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းကျေးရွာအတွင်းရှိ  အမျိုးသား (၈) ဦးနှင့် အမျိုးသမီး (၇) ဦး စုစုပေါင်း (၁၅) ဦးတို့အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာအပြင်ဘက်ရှိ သုဿာန်၌ ၎င်းတို့အား ကြိုးများဖြင့်ချည်နှောင်ပြီး ညှင်းပန်းနှိပ်စက်ကာ “သတင်းပေး၊ ဒလန်များ” ဟု စွပ်စွဲပြောဆို၍ ဖမ်းဆီးခေါ်ဆောင်သွားသူ ၁၅ ဦး အနက် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ကာ အလောင်းများအား မီးရှို့ခဲ့ပြီး ကျန်အမျိုးသမီး ၅ ဦး တို့အား ပြန်လည်စေလွှတ်ပေးခဲ့။
  • မေလ ၁ ရက်တွင် ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာနေအမျိုးသား (၈) ဦးနှင့်  အမျိုးသမီး (၅) ဦး စုစုပေါင်း ၁၃ ဦးတို့သည် ကင်မွန်းထော်ကျေးရွာမှ အမြင့်ကျေးရွာသို့ ဈေးဝယ်ရန်ထွက်ခွာလာစဉ် PDF အကြမ်းဖက်သမားများက ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင် သွားပြီး “သတင်းပေး၊ ဒလန်များ”ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ အလောင်းများအား ချောင်းရိုးအတွင်းစွန့်ပစ်ခဲ့။
  • မေလ ၁ ရက်တွင် ရေစကြိုမြို့နယ်၊ စည်သာစံပြကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဆိုပါကျေးရွာနေ ဦးသိန်းရွှေ၏ နေအိမ်ပေါ်သို့ ကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိ ဦးသိန်းရွှေ၏အစ်မဖြစ်သူ ဒေါ်စန်းရွှေ(၄၆)နှစ်နှင့် သားဖြစ်သူ မောင်ကောင်းခန့်သူ(၆)နှစ်တို့တွင် ရင်ဘက်ပွင့်ထွက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး သမီးဖြစ်သူ မသူဇာဦး(၁၂)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်အေးမာ(၃၀)နှစ် တို့တွင် ကျည်စထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး ပခုက္ကူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့။

          အဆိုပါအကြမ်းဖက်မှုများကျူးလွန်ခဲ့သည့် PDF အကြမ်းဖက်သမားများအား ရပ်ရွာလူထုတို့မှလည်း ကြောက်ရွံ့မုန်းတီးလျက်ရှိပြီး အမြန်ဆုံးဖမ်းဆီးအရေးယူပေးနိုင်ရေး လိုလားလျက်ရှိသည့်အတွက် ၎င်းအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး နယ်မြေခံတပ်မတော် စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။                        

  • စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၇ ဦးတို့အား PDF အကြမ်းဖက်သမားများက အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခေါ်ဆောင်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့။
  • မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ စည်သာစံပြကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူနေအိမ် ၁ လုံးအား ထိမှန်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၁ ဦးတို့ သေဆုံးကာ အမျိုးသမီး ၂ ဦးဒဏ်ရာရရှိခဲ့။
  • စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့/ရွာများအတွင်းရှိ လူနေအိမ်များနှင့် အပြစ်မဲ့ပြည်သူများအပေါ်  အကြမ်းဖက်လုပ်ရပ် မှန်သမျှကို အဆင်အခြင်မဲ့ရက်စက်စွာ ကျူးလွန်လျက် ရှိသည့်အတွက် PDF အကြမ်းဖက်သမားများအား ရပ်ရွာလူထုတို့မှ ကြောက်ရွံ့မုန်းတီးလျက်ရှိပြီး အမြန်ဆုံးဖမ်းဆီး အရေးယူပေးနိုင်ရေး လိုလားလျက်ရှိ။

Add new comment