မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အလွတ်သဘောထိတွေ့ဆက်ဆံရန် အာဆီယံထံ အဆိုပြုမည်ဖြစ်ကြောင်း မလေးမေးလ် သတင်းစာတွင် ဖော်ပြချက်သည် မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို အားပေးရာရောက်သဖြင့် ပြင်းထန်စွာကန့်ကွက်ပယ်ချခဲ့ပါသည်။
သတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်ထုတ် မလေးမေးလ် သတင်းစာတွင် “မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအား အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် အလွတ်သဘောထိတွေ့ဆက်ဆံရန် အဆိုပြုသွားမည်ဖြစ်ကြောင်း” ဖော်ပြပါရှိသည့် သတင်း ဆောင်းပါးကို နိုင်ငံခြားရေးဝန်ကြီးဌာနက တွေ့ရှိရပါသည်။
မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများသည် အကြမ်းဖက်အုပ်စုများအဖြစ် ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၁ ဖြင့် တရားဝင်ထုတ်ပြန်ကြေညာခဲ့ကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထပ်မံအသိပေးအပ်သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ မဆင်မခြင်နှင့် တာဝန်မဲ့အဆိုပြုပြောကြားချက်သည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို အားပေးရာရောက်နိုင်သည့်အပြင် အကြမ်းဖက်မှုများတိုက်ဖျက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို အဟန့်အတားဖြစ်စေပြီး နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေး သဘောတူညီချက်များကို ချိုးဖောက်ရာရောက်စေသည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာကန့်ကွက်ပယ်ချကြောင်းဖော်ပြအပ်သည်။ ထို့ပြင်နောင်တွင် မလေးရှားနိုင်ငံအစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား ထိတွေ့ဆက်ဆံခြင်းနှင့် အားပေးပံ့ပိုးခြင်းများ မပြုလုပ်ရန်လည်း သတိပေးဖော်ပြအပ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်
- မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အလွတ်သဘော ထိတွေ့ဆက်ဆံရန် အာဆီယံထံ အဆိုပြုမည်ဖြစ်ကြောင်း မလေးမေးလ် သတင်းစာတွင် ဖော်ပြချက်သည် မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု များကို အားပေးရာရောက်သဖြင့် ပြင်းထန်စွာကန့်ကွက်ပယ်ချ။
- မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ မဆင်မခြင်နှင့် တာဝန်မဲ့ အဆိုပြုပြောကြားချက်သည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို အားပေးရာရောက်နိုင်သည့်အပြင် အကြမ်းဖက်မှုများတိုက်ဖျက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို အဟန့်အတားဖြစ်။
- မလေးရှားနိုင်ငံအစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား ထိတွေ့ဆက်ဆံခြင်းနှင့် အားပေးပံ့ပိုးခြင်းများ မပြုလုပ်ရန်လည်း သတိပေးဖော်ပြခဲ့။
Add new comment