နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်း

 

ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားကို ဧပြီလ ၂၉ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများတက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင်-

  • (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရန် (၁၄) ရက်သာ လိုတော့ကြောင်း၊ နိုင်ငံတစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူများအားလုံးက အားကစားမောင်၊ မယ်များ၏ ဇွဲ၊ သတ္တိအပြည့်နှင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်နေမှုများကိုလည်း ကြားသိမြင်တွေ့ ခံစားခဲ့ရပြီးဖြစ်သည့်အတွက် မိမိတို့၏ အားကစားသမိုင်းတွင် မှတ်တမ်းတင်နိုင်ရေး တက်ညီလက်ညီနှင့် အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်သွားကြရန်လိုကြောင်း။
  • အမိနိုင်ငံ၏အလံတော်လွှင့်ထူ ဂုဏ်ပြုခံရခြင်းမျိုးကို နိုင်ငံသားတိုင်းက လိုလားကြသည်ဖြစ်သဖြင့် အားသွန်ခွန်စိုက်ကြိုးစားကြရန်လိုကြောင်း၊ အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးအတွက် ပြိုင်ပွဲတိုင်း အနိုင်ရရှိရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် မြန်မာအားကစားအဖွဲ့ဝင်အားလုံး၏ ပခုံးထက်တွင် ရှိနေသည်ကိုလည်း သတိပြုကြရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်ကြီးကို နိုင်ငံတကာနှင့် အဘက်ဘက်တွင် ရင်ဘောင်တန်းနိုင်ရေးအတွက်နယ်ပယ်စုံ၊ ကဏ္ဍစုံအားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အားကစားကဏ္ဍကိုလည်း တစ်ခန်းတစ်ကဏ္ဍထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီဖွံ့ဖြိုးတိုး တက်စေရန် စနစ်တကျအစီအမံများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • နိုင်ငံတော်အနေဖြင့် ခေတ်အဆက်ဆက် ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည့် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကိုလည်း အသက်(၆၀)ပြည့်မြောက်သည့်အချိန်မှစပြီး သက်ရှိထင်ရှားရှိသမျှကာလပတ်လုံး လစဉ်ချီးမြှင့်ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း။
  • ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင်လည်း အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသူ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား (၁၂) ဦးနှင့် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်(၅)ခုနှင့်အထက် ရရှိခဲ့ကြသူ နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများအနက်မှ (၂၄) ဦးကို လူမှုထူးချွန် ပထမအဆင့် ချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်အားကစားသမားများကိုလည်း ဆက်လက်ပြီး စိစစ်ခွင့်ပြုသွားမှာဖြစ်ကြောင်း။
  • ယခုပြိုင်ပွဲတွင်လည်း နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူပေးကြမည့် အားကစားမောင်၊ မယ်များအနေဖြင့်လည်း အလားတူအခွင့်အရေးများ ရရှိကြလာမည်ဖြစ်ကြောင်း။
  • ယခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ၏ကိုယ်စားသွားရောက် ယှဉ်ပြိုင်မည့် အားကစားမောင်၊ မယ်များကိုလည်း ကြိုးစားမှုရလဒ်များ အပေါ်မူတည်ပြီး နိုင်ငံတော်အနေဖြင့် ဆုရအားကစားသမားများအတွက် ရွှေတစ်ဦးချင်း ငွေကျပ်သိန်း ၃၀၀၊ ငွေတစ်ဦးချင်း ငွေကျပ်သိန်း ၂၀၀၊ ကြေးတစ်ဦးချင်း ငွေကျပ် သိန်း ၁၀၀၊ ရွှေအသင်းလိုက်တစ်ဦးချင်းငွေကျပ်သိန်း ၁၀၀၊ ငွေအသင်းလိုက်တစ်ဦးချင်း ငွေကျပ်သိန်း ၇၀၊ ကြေးအသင်းလိုက်တစ်ဦးချင်း ငွေကျပ် ၃၅ သိန်းကိုလည်းကောင်း။
  • နည်းပြများအတွက် ရွှေတံဆိပ်ဆုရအားကစားနည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ၊ ငွေတံဆိပ်ဆုရအားကစားနည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ဆုရအားကစားနည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၃၀၊ အုပ်ချုပ်မှုအဖွဲ့များအတွက် ရွှေတံဆိပ်ဆုရ အားကစားနည်းမှ အုပ်ချုပ်မှုအဖွဲ့ တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ် ဆုရအားကစားနည်းမှ အားကစားနည်းမှ အုပ်ချုပ်မှုအဖွဲ့ တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ဆုရ အားကစားနည်းမှ အုပ်ချုပ်မှုအဖွဲ့ တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၃၀ တို့အား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း။
  • ထို့ကြောင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်အောင်လံ တလူလူလွင့်ပျံနေရစေရေး ရေကုန်ရေခမ်း အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်သွားကြရန် အလေးအနက်တိုက်တွန်းလိုကြောင်း၊ မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ကိုမြှင့်တင်နိုင်ရေးဟူသည့် အမျိုးသားရေးသန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခမ်း ကြိုးပမ်းယှဉ်ပြိုင်သွားကြစေလိုကြောင်း အလေးအနက် တိုက်တွန်းမှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ အောင်နိုင်ရေးအလံကိုအပ်နှင်းပြီး (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင် အားကစားသမားများနှင့် နည်းပြများအတွက် ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကာ ပြိုင်ပွဲဝင်လက်ရွေးစင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အားကစားပြိုင်ပွဲများတွင်အသုံးပြုမည့် ပြိုင်ပွဲဝင်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ၌ ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်မည့် အားကစားသမား ၂၉၃ ဦးသည် အားကစားနည်း (၂၀)၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်ကြီးကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံအားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အားကစားကဏ္ဍကိုလည်း တစ်ခန်းတစ်ကဏ္ဍထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီဖွံ့ဖြိုးတိုးတက်စေရန် စနစ်တကျ အစီအမံများချမှတ် ဆောင်ရွက်ပေးလျက်ရှိ
  • နိုင်ငံတော်အနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ၏ကိုယ်စား သွားရောက်ယှဉ်ပြိုင်မည့် ဆုရအားကစားသမားများ၊ ဆုရအားကစားနည်းမှ နည်းပြများနှင့် ဆုရအားကစားနည်းမှ အုပ်ချုပ်မှုအဖွဲ့များအား ဆုအမျိုးအစားနှင့် ဆုတစ်ခုချင်းစီအလိုက် အနည်းဆုံးငွေကျပ်သိန်း ၃၀ မှ ငွေကျပ်သိန်း ၃၀၀ အထိ အသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်။
  • မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ကိုမြှင့်တင်နိုင်ရေးဟူသည့် အမျိုးသားရေးသန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခမ်း ကြိုးပမ်းယှဉ်ပြိုင်သွားကြစေလို
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံအောင်နိုင်ရေးအလံကို အပ်နှင်းပြီး (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင် အားကစားသမားများနှင့် နည်းပြများအတွက် ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့။
  • (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ၌ ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်မည့် အားကစားသမား ၂၉၃ ဦးသည် အားကစားနည်း (၂၀)၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်။

Add new comment