ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတား၌ လက်လုပ်မိုင်းနှစ်လုံး အချိန်မီဖော်ထုတ်သိမ်းဆည်း

ဒီဇင်ဘာလ ၂၄ ရက်တွင် ကော့ကရိတ်-မြဝတီ အာရှ လမ်းမကြီးပေါ်ရှိ ကော့နွဲ့ကျေးရွာအနီး ကော့နွဲ့တံတားအောက်၌  လက်လုပ်မိုင်းနှစ်လုံးကို အချိန်မီဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့ပါသည်။

ဖြစ်စဉ်မှာ KNLA လက်အောက်ခံတပ်မှူးအချို့နှင့် NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့သည် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့ကျေးရွာအနီး အရှည် ၁၉၆ ပေ၊ အကျယ်ပေ ၄၀ ရှိ သံကူ ကွန်ကရစ်တံတားကြမ်းခင်းအောက်၌ ယမ်းအပြည့်ဖြည့်ထားသော စနက်ကြိုးတပ်လျက် ငါးဂါလန်ပုံးနှစ်ပုံးဖြင့် မိုင်းထောင်ထားရှိမှုကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တွေ့ရှိပြီး အချိန်မီရှင်းလင်းနိုင်ခဲ့ပါသည်။

အဆိုပါ ငါးဂါလန်ပုံးနှစ်ပုံးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းများကို အချိန်မီဖယ်ရှားနိုင်ခြင်းမရှိပါက ၎င်းပုံးများတွင် တပ်ဆင်ထားရှိသော အားပြင်းယမ်းများ၏ ပေါက်ကွဲမှုကြောင့် ကော့နွဲ့တံတားသည် လုံးဝဥသုံပျက်စီးပြီး မြဝတီ-ကော့ကရိတ် အဓိကဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားမည်ဖြစ်ပါသည်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့သည် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ အဆောက်အဦများနှင့် လမ်းတံတားများကို  မီးရှို့ဖျက်ဆီးခြင်း နှင့် မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။ ၎င်းတို့၏ ဆင်ခြင်တုံတရားမဲ့လုပ်ရပ်များကြောင့် ပြည်သူများ၏နေ့စဉ် လူမှုစီးပွားရေးလုပ်ငန်းများ ထိခိုက်လျက်ရှိသဖြင့် အကြမ်း ဖက်လုပ်ရပ်များကို ပြည်သူများက ဆန့်ကျင်လျက်ရှိပါသည်။

အထက်ပါဖြစ်စဉ်တွင် ပါဝင်ခဲ့သည့်အကြမ်းဖက်သမားများဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများပါဝင်သောပူးပေါင်းအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

  • ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတားအောက်၌  KNLA နှင့် PDF အကြမ်းဖက်အဖွဲ့မှ ပြုလုပ်ထား သည့်လက်လုပ်မိုင်းနှစ်လုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့။