တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့်ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၉)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၆)သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်က ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်း တပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် ကျောင်းဆင်းတပ်ခွဲများအား စစ်ဆေးခဲ့ပါသည်။ ထို့နောက် သင်တန်းတပ်ခွဲ များက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က အမှတ်စဉ်(၁၉)သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းနှင့် အမှတ်စဉ်(၆)အမျိုးသမီးသူနာပြု နှင့်ဆေးဘက်ပညာသိပံ္ပဘွဲ့သင်တန်းမှ ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင်-

· “ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်မည့် အမျိုးသားတပ်မတော်အတွက် လိုအပ်သောလက်ရုံးရည်၊ နှလုံးရည်ပြည့်ဝ သည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများ၊ ဆေးဘက် ပညာသည်များ မွေးထုတ်ပေးရန်” ဟူသည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ ရည်ရွယ်ချက်နှင့်အညီ လေ့ကျင့်သင်ကြားပေးလျက်ရှိရာ သူနာပြုပါရဂူဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့၊ ဆေး ဘက်ဆိုင်ရာနည်းပညာမဟာသိပ္ပံဘွဲ့၊ ဆေးပညာသင်ကြား ရေးဘွဲ့လွန်ဒီပလိုမာဘွဲ့၊ သူနာပြုသိပ္ပံဘွဲ့၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာ နည်းပညာသိပ္ပံဘွဲ့နှင့် သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး)ရရှိသူ စုစုပေါင်း ၅,၀၀၀ ကျော်ကို အောင်မြင်စွာ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။

· အမိတက္ကသိုလ်မှ စစ်မြေပြင်တွင် ခြေလျင်တပ်စုတစ်စုကို ဦးဆောင်တိုက်ပွဲဝင်နိုင်စေရန် စစ်ပညာရပ်များကို လေ့ကျင့်ပေးခဲ့သကဲ့သို့ ဆေးပညာရပ်တွင်လည်း စစ်မြေပြင်သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာကျွမ်းကျင်သူ ပညာရှင်များဖြစ်သည်အထိ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီးဖြစ်သဖြင့် မိမိတို့ တတ်ကျွမ်းသည့်ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်ကရရှိလာမည့် အတွေ့အကြုံများနှင့်ပေါင်းစပ်၍ “ကျွမ်းကျင်ကူညီဆေးစစ်သည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တပ်မတော်သားမိသားစုဝင်များ၊ တိုင်းရင်းသား ပြည်သူလူထုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အပြည့်အဝဆောင်ရွက်ပေးသွားကြရ မည်ဖြစ်ကြောင်း။

· မိမိတို့တပ်မတော် လျှောက်လှမ်းခဲ့သည့် သမိုင်းစဉ်တစ်လျှောက်တွင် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် တပ်မတော်သားသူနာပြုများသည် အထက်မှပေးအပ်သည့်တာဝန်၊ ဝတ္တရား များကို အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့ကြပြီး စစ်ဘက်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်လက်မှတ်များဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၁ ဦး၊ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၉ ဦးရှိခဲ့ပြီးဖြစ်ကြောင်း။

· ကမ္ဘာ့သူနာပြုလောကတွင် အမြင့်ဆုံးဆုဖြစ်သော မြန်မာ့ပထမဆုံးဖလောရင့် နိုက်တင်ဂေးဆုရှင် ဗိုလ်မှူးဒေါ်ခင်အုန်းမြသည်လည်း သူနာပြုအတတ်ပညာစွမ်းရည်ဖြင့် တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ကြောင်း။

· အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် အနောက်တိုင်းဆေးပညာရပ်များကို လေ့လာဆည်းပူးနေသကဲ့သို့ မြန်မာ့ တိုင်းရင်းဆေးပညာရပ်သည်လည်း အများပြည်သူ အားကိုးအားထားရသည့်ပညာရပ်တစ်ခုဖြစ်ခြင်းကြောင့် ခေတ်မီ နည်းပညာရပ်များနှင့် ပေါင်းစပ်ထုတ်လုပ်နိုင်ရေး တီထွင်ကြံဆလုပ်ဆောင်နေကြရမည်ဖြစ်ကြောင်း။

· တိုင်းရင်းဆေးဝါးဖော်စပ်မှုအပိုင်းတွင်လည်း စစ်မှန်ပြီး အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးကုန်ကြမ်းပစ္စည်း များကို ရွေးချယ်အသုံးပြုခြင်းနှင့် ဆေးဝါးအရည်အသွေးကို ထိန်းသိမ်းနိုင်စေရန်အတွက် ဖော်စပ်မှုအဆင့်တိုင်းတွင် အရည်အသွေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း။

· “နွယ်မြက်သစ်ပင်ဆေးဖက်ဝင်၏” ဟူသည့် ဆိုရိုးစကားအတိုင်း မိမိတို့နိုင်ငံတွင်လည်း ဆေးဝါးထုတ်လုပ်နိုင်သည့် ဆေးဖက်ဝင်သစ်ပင်မျိုးစုံနှင့် သစ်ဥသစ်ဖုများသည် နိုင်ငံအနှံ့အပြား ပေါက်ရောက်လျက်ရှိခြင်းကြောင့် တာဝန်ကျရာဒေသ အသီးသီးတွင်ရှိသည့် ဆေးဖက်ဝင်အပင်မျိုးစုံကို မိမိတို့တတ်ကျွမ်းနားလည်ထားသည့် ဆေးဝါးကျွမ်းကျင်မှု ဆိုင်ရာ အခြေခံကောင်းများကို ကောင်းမွန်မှန်ကန်စွာ အသုံးချပြီး သုတေသနလုပ်ငန်းများကို ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း။

· ယနေ့ခေတ် နိုင်ငံတကာဆေးပညာနယ်ပယ်တွင် ရုပ်သံဆက်သွယ်မှုနည်းပညာများကို အသုံးပြုပြီး ဝေးကွာသော ဒေသများသို့ ဆေးအကာအကွယ်ပေးခြင်းနှင့် ဆေးဘက်ဆိုင်ရာကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်ပေးသည့် Tel- emedicine နည်းပညာကို စစ်မြေပြင်ဆေးပညာ (Military   Medicine)အဖြစ် ထိရောက်တွင်ကျယ်စွာ အသုံးပြုလာသည်ကို တွေ့ရှိရကြောင်း။

· တပ်မတော်သားဘဝကို ခံယူပြီးဖြစ်သည့်အတွက်ကြောင့်လည်း စစ်ဘက်ဥပဒေအပြင် နယ်ဘက်ဆိုင်ရာဥပဒေများကိုပါ လေးစားလိုက်နာပြီး သူနာပြုနှင့် ဆေးဘက်ပညာသည်များဖြစ်သောကြောင့် ဆေးဘက်ဆိုင်ရာကျင့်ထုံးဥပဒေများကိုပါ လိုက်နာရမည့်နည်းတူ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာကိုလည်း သာမန်ထက်ပိုပြီး စောင့်ထိန်းသွားကြရမည်ဖြစ်ကြောင်း။

· တပ်မတော်၏ သမိုင်းစဉ်တစ်လျှောက်တွင် ပြည်ပကျူးကျော်သူများနှင့် ဖောက်ပြန်သည့်နိုင်ငံရေးအင်အားစုများသည် တပ်မတော်ကိုဖြိုခွဲရန် အကြိမ်ကြိမ်ကြံစည်ကြိုးစား ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ တပ်မတော်၏ စည်းလုံးညီညွတ်မှုသာ မှတ်ကျောက်တင်ခံနိုင်ခဲ့ကြောင်း။

· တပ်မတော်သားများနှင့် မိသားစုဝင်အားလုံးအကြားတွင် အသိတူ၊ အမြင်တူ၊ ယုံကြည်ချက်၊ ခံယူချက်များ တူမည်ဆိုပါက စည်းလုံးညီညွတ်မှုသည် ထာဝရခိုင်မြဲနေမည်ဖြစ်ကြောင်းနှင့် စည်းလုံးညီညွတ်မှုကို စိတ်ဓာတ်ဖြင့်သာ တည် ဆောက်နိုင်ကြောင်း။

· စိတ်ဓာတ်ကောင်းမွန်စေရေး တစ်ဦးချင်း စည်းကမ်းလိုက်နာ စောင့်ထိန်းမှု ကောင်းမွန်ရန်အရေးကြီးကြောင်း၊ လိုက်နာ ရန်လိုအပ်သည်များကို လိုက်နာပြီး စောင့်ထိန်းသင့်သည်များကို စောင့်ထိန်းခြင်းသည် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်ခြင်းဖြစ်ပြီး မိမိ၏လက်အောက်ငယ်သားများကိုလည်း ထိန်းသိမ်းကာ ရသင့်ရထိုက်သည့်အခွင့်အရေးများကို မှန်မှန်ကန်ကန်ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း။

· ခေတ်မီတပ်မတော် တည်ဆောက်ရာတွင် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝပြီး သူနာပြုနှင့်ဆေးဘက်ပညာဆိုင်ရာ အထူးကျွမ်းကျင်သူများဖြစ်လာစေရေး မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။

  • တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့။
  • မိမိတို့တပ်မတော် လျှောက်လှမ်းခဲ့သည့် သမိုင်းစဉ်တစ်လျှောက်တွင် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် တပ်မတော်သား သူနာပြုများသည် အထက်မှပေးအပ်သည့် တာဝန်၊ ဝတ္တရားများကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့။
  • အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် အနောက်တိုင်းဆေးပညာရပ်များကို လေ့လာဆည်းပူးနေသကဲ့သို့ မြန်မာ့တိုင်းရင်းဆေးပညာရပ်သည်လည်း အများပြည်သူ အားကိုးအားထားရသည့် ပညာရပ်တစ်ခုဖြစ်ခြင်း ကြောင့် ခေတ်မီနည်းပညာရပ်များနှင့် ပေါင်းစပ်ထုတ်လုပ်နိုင်ရေး တီထွင်ကြံဆလုပ်ဆောင်နေကြရမည်ဖြစ်။
  • တိုင်းရင်းဆေးဝါးဖော်စပ်မှုအပိုင်းတွင်လည်း စစ်မှန်ပြီးအရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးကုန်ကြမ်း ပစ္စည်းများကို ရွေးချယ်အသုံးပြုခြင်းနှင့် ဆေးဝါးအရည်အသွေးကို ထိန်းသိမ်းနိုင်စေရန်အတွက် ဖော်စပ်မှု အဆင့်တိုင်းတွင် အရည်အသွေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ခြင်းများကို ဆောင်ရွက်လျက်ရှိ။
  • တပ်မတော်၏သမိုင်းစဉ်တစ်လျှောက်တွင် ပြည်ပကျူးကျော်သူများနှင့် ဖောက်ပြန်သည့်နိုင်ငံရေး အင်အားစု များသည် တပ်မတော်ကိုဖြိုခွဲရန် အကြိမ်ကြိမ်ကြံစည်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ တပ်မတော်၏ စည်းလုံးညီညွတ်မှုသာ မှတ်ကျောက်တင်ခံနိုင်ခဲ့။
  • တပ်မတော်သားများနှင့် မိသားစုဝင်အားလုံးအကြားတွင် အသိတူ၊ အမြင်တူ၊ ယုံကြည်ချက်၊ ခံယူချက်များတူ မည်ဆိုပါက စည်းလုံးညီညွတ်မှုသည် ထာဝရခိုင်မြဲနေမည်ဖြစ်။