ပြည်ပမှ လေကြောင်းခရီးစဉ်များဖြင့် ဝင်ရောက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထပ်မံဖြေလျော့ပေးနိုင်ရေးအတွက် “နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များပြေးဆွဲရာတွင် RDT ဖြင့် ပြောင်းလဲစစ်ဆေးဆောင်ရွက်မည့် အစီအစဉ်နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၇ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များ Commercial flight များပြေးဆွဲခွင့်ပြုရာတွင် တွေ့ရှိရသော အတွေ့အကြုံများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် အခက်အခဲများပေါ်မူတည်၍ လေယာဉ်စီး ခရီးသည်များအနေဖြင့် စောင့်ဆိုင်းချိန်နည်းပါးခြင်း၊ ကုန်ကျစားရိတ်သက်သာခြင်းစသည့် အကျိုးကျေးဇူးများရရှိစေမည့် COVID-19 Antigen Rapid Diagnostic Test (RDT) နည်းဖြင့် ပြောင်းလဲစစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့်တာဝန်ရှိသူများက ခရီးသွားများအနေဖြင့် ကျန်းမာရေးအာမခံ (Health Insurance) လုပ်ငန်းများဆောင်ရွက်ရေးကိစ္စရပ်များ၊ လေဆိပ်တွင် RDT နည်းဖြင့် စစ်ဆေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေး အဓိကထား ဆောင်ရွက်ရန်နှင့် စောင့်ဆိုင်းချိန် အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ထား ရမည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ပြီး နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များဖြင့် ဝင်ရောက်လာကြမည့် ခရီးသည်များကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT ဖြင့် စစ်ဆေးဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။
- ဧပြီလ ၂၇ ရက်တွင် နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များပြေးဆွဲရာတွင် RDT ဖြင့် ပြောင်းလဲစစ်ဆေးဆောင်ရွက်မည့် အစီအစဉ်နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့။
- တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ပြီး ကိုဗစ်- ၁၉ ရောဂါပိုးရှိ/မရှိ RDT ဖြင့် စစ်ဆေးဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးခဲ့။
Add new comment