ငွေအပ်နှံသူများအနေဖြင့် စိုးရိမ်ပူပန်စရာမရှိဘဲ စိတ်ချယုံကြည်စွာ ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်ရယူသုံးစွဲနိုင်ပါကြောင်း အသိပေးထုတ်ပြန်

 

မြန်မာနိုင်ငံဗဟိုဘဏ်သည် မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၏ ငွေကြေးလွယ်ကူမှုအခြေအနေ၊ အပ်ငွေအသွင်း၊ အထုတ်အခြေအနေများအား အနီးကပ်စောင့်ကြည့်လျက်ရှိပြီး လိုအပ်ပါက ငွေကြေးပံ့ပိုးပေးရန် (Liquidity Support)များ ပေးအပ်လျက်ရှိသဖြင့် ငွေအပ်နှံသူများ(Depositors) အနေဖြင့် စိုးရိမ်ပူပန်စရာမရှိဘဲ စိတ်ချယုံကြည်စွာ ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်ရယူသုံးစွဲနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့ပါသည်။

သတင်းထုတ်ပြန်ချက်

 မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးနှင့် ထိရောက်သောငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ခိုင်မာတိုးတက်ရေး စသည့်ရည်ရွယ်ချက်များ တိုးတက်အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၏ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၅/၆၃အရ တရားစွဲဆိုအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသဖြင့် ယင်းဘဏ်က အထက်ပါပုဂ္ဂိုလ်များ တာဝန်ထမ်းဆောင်မှုကို ရပ်ဆိုင်းပြီးဖြစ်ကြောင်း တင်ပြလာပြီး မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၏ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်တို့အား ပြောင်းလဲခန့်အပ်ခွင့် တင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ယင်းခန့်အပ်မှုကို ၂၇-၄-၂၀၂၂ ရက်နေ့တွင် အတည်ပြုပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်အား ကြီးကြပ်စစ်ဆေးလျက်ရှိရာ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၏ ငွေရေးကြေးရေးအခြေအနေများသည် တည်ငြိမ်ခိုင်မာမှုရှိကြောင်း၊ ယင်းဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များအား လိုက်နာဆောင် ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၏ ငွေကြေးလွယ်ကူမှုအခြေအနေ၊ အပ်ငွေအသွင်း၊ အထုတ်အခြေအနေများအား အနီးကပ်စောင့်ကြည့်လျက်ရှိပြီး လိုအပ်ပါက ငွေကြေးပံ့ပိုးပေးရန် (Liquidity Support)များ ပေးအပ်လျက်ရှိသဖြင့် ငွေအပ်နှံသူများ (Depositors) အနေဖြင့် စိုးရိမ်ပူပန်စရာမရှိဘဲ စိတ်ချယုံကြည်စွာ ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်ရယူသုံးစွဲနိုင်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

သို့ဖြစ်ပါ၍ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူ၊ ဘဏ်တွင် ငွေစုဆောင်းထားရှိသူများအနေဖြင့် စိုးရိမ်ပူပန်ရန်မလိုကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

 (၂၇-၄-၂၀၂၂)

 

  • မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၏ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ တရားစွဲဆိုအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသဖြင့် ယင်းဘဏ်က အထက်ပါပုဂ္ဂိုလ်များ တာဝန်ထမ်းဆောင်မှုကို ရပ်ဆိုင်းခဲ့။

  • မြန်မာနိုင်ငံဗဟိုဘဏ်သည် မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၏ ငွေကြေးလွယ်ကူမှုအခြေအနေ၊ အပ်ငွေအသွင်း၊ အထုတ်အခြေအနေများအား အနီးကပ်စောင့်ကြည့်လျက်ရှိပြီး လိုအပ်ပါက ငွေကြေးပံ့ပိုးပေးရန် (Liquidity Support)များ ပေးအပ်လျက်ရှိသဖြင့် ငွေအပ်နှံသူ များအနေဖြင့် စိုးရိမ်ပူပန်စရာမရှိဘဲ စိတ်ချယုံကြည်စွာ ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်ရယူသုံးစွဲနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထုတ်ပြန်။

Add new comment