ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ဝတ္တုကံတော်အတွင်း တည်ဆောက်မည့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော် သီမာသမ္မုတိသိမ်သမုတ်ကံဆောင်ခြင်းနှင့် အောင်ပွဲမင်္ဂလာကုသိုလ်တော် အခမ်းအနားကို ဧပြီလ ၂၇ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် အမှူးပြုသည့် သံဃာတော် ၅၄ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
သံဃာတော်အရှင်သူမြတ်တို့က သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော် သီမာသမ္မုတိ သိမ်သမုတ်ကံဆောင်ခြင်း အောင်ပွဲမင်္ဂလာကုသိုလ်တော်အခမ်းအနားကို အခမ်းအနားအစီအစဉ်အတိုင်း ဆောင်ရွက်တော်မူကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများနှင့် အလှူရှင်များက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ လောင်းလှူကြပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော် ပုံစံငယ်ကိုကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ယခုတည်ဆောက်မည့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော်ကြီးအား ဆရာတော်ကြီးများ၏ ဩဝါဒခံယူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သိမ်တော်ကြီးသည် အလျား ၂၀၈ ပေ၊ အနံ ၂၀၅ ပေရှိပြီး သံဃာစင်တွင် သံဃာတော် ၁၈၀ ပါး၊ ဘေးခုံတန်းနှစ်ဖက်နှင့် အလယ်ခန်းမတွင် လူပုဂ္ဂိုလ် ၁,၈၉၀ ဦး ဝင်ဆံ့နိုင်မည်ဖြစ်ကြောင်းနှင့် ယခုသိမ်တော်ကြီးသည် မြန်မာနိုင်ငံတွင်အကြီးဆုံး သိမ်တော်ကြီးတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။
- ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် ဝတ္တုကံတော်အတွင်း တည်ဆောက်မည့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမသိမ်တော် သီမာသမ္မုတိ သိမ်သမုတ်ကံဆောင်ခြင်းနှင့် အောင်ပွဲမင်္ဂလာကုသိုလ်တော် အခမ်းအနားကို ဧပြီလ ၂၇ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့။
- ယခုတည်ဆောက်မည့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော်ကြီးသည် အလျား ၂၀၈ ပေ၊ အနံ ၂၀၅ ပေရှိပြီး သံဃာစင်တွင် သံဃာတော် ၁၈၀ ပါး၊ ဘေးခုံတန်းနှစ်ဖက်နှင့် အလယ်ခန်းမတွင် လူပုဂ္ဂိုလ် ၁,၈၉၀ ဦး ဝင်ဆံ့နိုင်မည် ဖြစ်ကြောင်းနှင့် ယခုသိမ်တော်ကြီးသည် မြန်မာနိုင်ငံတွင် အကြီးဆုံးသိမ်တော်ကြီး တစ်ခုဖြစ်လာမည်ဖြစ်။
Add new comment