ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ထိုင်းနိုင်ငံ တရားရေးဝန်ကြီးတို့ နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး တိုးမြှင့်ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး

 

မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံတရားရေးဝန်ကြီး H.E.Mr.Somsak Thepsutin ၏ ဖိတ်ကြားချက်အရ မြန်မာ-ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေးကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များတိုးမြှင့်ဆောင်ရွက်ရေး၊ ယခုလက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး Operation 1511/22၏ အောင်မြင်မှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)မှ မူးယစ်ဆေးဝါးပြစ်မှုများနှင့် ဆက်နွှယ်၍  သိမ်းဆည်းထားရှိသော ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲပုံအဆင့်ဆင့်နှင့်အတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် ခေတ်မီနည်းပညာအသုံးပြု ဖော်ထုတ် ဆောင်ရွက်နေမှုကို ကြည့်ရှုလေ့လာခဲ့ပါသည်။

ခရီးစဉ်တွင် အတူလိုက်ပါသွားသော မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၂ ရက်တွင် ထိုင်းနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ရွှေတြိဂံဒေသသို့ ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုထိန်းချုပ်ရေး၊ ဒေသတွင်းနှင့်ဒေသပြင်ပနိုင်ငံများသို့ မူးယစ်ဆေးဝါးများပျံ့နှံ့မှုမရှိစေရေး၊ နှစ်နိုင်ငံအလိုရှိ တရားခံများဖော်ထုတ်ဖမ်းဆီးရေးကိစ္စရပ်များ၊ လူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးရေးကိစ္စရပ်များနှင့် (၂၄) ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေးကိစ္စရပ်များကို သဘောတူဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

 

  • ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံတရားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ မြန်မာ-ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့။
  • တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်ရေး၊ ယခုလက်ရှိ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး Operation 1511/22 အောင်မြင်မှုနှင့် ဆက်လက်ပူးပေါင်း ဆောင် ရွက်မည့်အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။

Add new comment