မန္တလေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

 

နိုင်ငံတော်အစိုးရအနေဖြင့် CRPH ၊ NUGနှင့် PDF အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထုအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေရန် ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ခုနှစ်၊ ဧပြီလ ၈ ရက်မှ ၂၀ ရက်အထိ မန္တလေးတိုင်း ဒေသကြီးအတွင်း တရားခံ ကျား ၁၁ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၁၃ ဦးတို့အား KA-25 သေနတ် ၄ လက်၊ ၉ မမ ပစ္စတို ၁ လက်၊ လက်လုပ်သေနတ် ၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ ကျည်မျိုးစုံ ၇၂၇ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ အီနာဂါဗုံးသီး ၂၅ လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၁ လုံး၊ လက်လုပ်မိုင်း မျိုးစုံ ၁၀ လုံး၊ ဒီတိုနေတာ ၃၇၅ ချောင်း၊ ကျည်ကာအင်္ကျီ ၆ ထည်၊ ပြောက်ကျားယူနီဖောင်း ၃ စုံ၊ Keypad ဖုန်း ၂၂ လုံး၊ ဆေးပစ္စည်းမျိုးစုံထည့်ထားသည့် ပီနံအိတ် ၂၇ အိတ်နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

          ဖမ်းဆီးရမိတရားခံများသည် NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းမှုဖြင့် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်ခဲ့မှုများမှာ-

  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ကျော်စွာလင်း (ခ)တာရာ၊ အောင်ကျော်မိုး (ခ)မိုးမိုး၊ ဝတ်ရည်ချိုနှင့် ဖမ်းဆီးရန်ကျန် တရားခံ ရှီခါ(ခ)Shika၊ အေးငုဝါခိုင်(ခ)မတောက်တို့သည် ဖမ်းဆီးရန်ကျန်တရားခံ သန်းမြတ်စိုး (ခ)မုန်တိုင်း၏ ချိတ်ဆက်ခေါ်ဆောင်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ပန်ဦးလေးကျေးရွာအနီး၌ TNLA အဖွဲ့၊ တပ်မဟာ(၂)တွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လတက်ရောက်ခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီးသို့ ပြန်လည်စေလွှတ်၍ အကြမ်းဖက်ဖောက်ခွဲရေးလုပ် ငန်းများဆောင်ရွက်ရန် သန်းမြတ်စိုး(ခ)မုန်တိုင်းမှ စေခိုင်းခဲ့ခြင်းဖြစ်ပြီး လိုအပ်သည့် လက်နက်/ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများကိုလည်း ပို့ဆောင်ပေးခဲ့။
  • ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စည်သူ(ခ)ဆိတ်ကြီး၊ အောင်ကျော်မိုး (ခ)မိုးမိုး၊ ထွန်းလင်း(ခ)ပါပူး၊ ကျော်စွာလင်း(ခ)တာရာ၊ ဝတ်ရည်ချိုတို့သည် မန္တလေးမြို့ရှိ ဇွဲထက်ရွှေဆိုင်အား ဓါးပြတိုက်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒမြောက်ရွာရှိ ဖမ်းဆီးရန်ကျန်တရားခံ ဝင်းဘို ပိုင်ဆိုင်သည့် ဘဲခြံအတွင်း၌ ၃ ရက်ဆက်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည့်အပြင် ဖမ်းဆီးရန်ကျန်တရားခံ ရှီခါ(ခ)Shikaနှင့် အေးငုဝါခိုင်(ခ)မတောက်တို့ ခေါင်းဆောင်၍ ရတနာပုံဥယျာဉ်ဖွင့်ပွဲအခမ်းအနားပြုလုပ်မည့်နေ့နှင့် သင်္ကြန်ကာလ အတွင်း မန္တလေးမြို့အတွင်း၌ အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း။
  • ဆေးပစ္စည်းမျိုးစုံထည့်ထားသည့် ပီနံအိတ် ၂၇ အိတ်မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း လှုပ်ရှားနေသည့် TNLA အဖွဲ့၊ တပ်မဟာ(၂)သို့ ရောက်ရှိနေသော ဖမ်းဆီးရန်ကျန် တရားခံ သန်းမြတ်စိုး (ခ)မုန်တိုင်းထံပို့ဆောင်ရန် ဝယ်ယူစုဆောင်းထားခြင်း ဖြစ်ကြောင်း။

          ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ထောက်ပံ့ ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန် ဆုံးဖမ်းဆီးရမိရေးအတွက် လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပြီး သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ၂၀၂၂ခုနှစ်၊ ဧပြီလ ၈ ရက်မှ ၂၀ ရက်အထိ တရားခံ ကျား ၁၁ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၁၃ ဦးတို့အား KA-25 သေနတ် ၄ လက်၊ ၉ မမ ပစ္စတို ၁ လက်၊ လက်လုပ်သေနတ် ၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ ကျည်မျိုးစုံ ၇၂၇ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ အီနာဂါဗုံးသီး ၂၅ လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၁ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၀ လုံး၊ ဒီတိုနေတာ ၃၇၅ ချောင်း၊ ကျည်ကာအင်္ကျီ ၆ ထည်၊ ပြောက်ကျားယူနီဖောင်း ၃ စုံ၊ Keypad ဖုန်း ၂၂ လုံး၊ ဆေးပစ္စည်းမျိုးစုံ ထည့်ထားသည့် ပီနံအိတ် ၂၇အိတ်နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့။

Add new comment