မြဝတီမြို့ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား (မြန်မာဘက်ခြမ်း)မုခ်ဦးတွင် မော်တော်ယာဉ်ဖြင့် ဖောက်ခွဲဖျက်ဆီးမှု ဖြစ်ပွား

 

ဧပြီလ ၂၂ ရက်တွင် မြဝတီမြို့မရဲစခန်းမှ ဒုရဲအုပ် ရဲဝင်းနိုင် ဦးစီးသောအဖွဲ့မှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့်အတူ လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ် မြဝတီမြို့တွင်းဘက်မှ အမှတ်(၁) ချစ်ကြည်ရေးတံတားဘက်သို့ ဦးတည်လျက် ချစ်ကြည်ရေးတံတားထိပ် (မြန်မာဘက်ခြမ်း) ဝန်းတံခါးအား ယာဉ်အမျိုး စားစိစစ်ဆဲ (ယာဉ်မောင်းမပါ)ဖြင့် ဝင်ရောက်တိုက်ခိုက်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါပေါက်ကွဲမှုကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ဒုရဲအုပ်တွင် ယာနားထင်၊ နဖူးတို့တွင် မီးလောင်ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့နှင့် ခန္ဓာကိုယ်အနှံ့အပြားတွင် ပွန်းပဲ့ဒဏ်ရာများ (မစိုးရိမ်ရ)နှင့် ရဲဒုတပ် ကြပ် ဝင်းသိန်းဦးတွင် ဝဲလက်ဖျံ ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ)တို့ ရရှိသွားခဲ့သဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူစေခဲ့ကြောင်း သိရှိရပါသည်။

          အလားတူ  အဆိုပါပေါက်ကွဲမှုကြောင့် ယာဉ်အမျိုးအစား (စိစစ်ဆဲ)မှာ ယာဉ်တစ်စီးလုံး မီးလောင်ပျက်ဆီးသွားခဲ့ပြီး တံတားဘေးအနီးရပ်ထားသော ယာဉ်တစ်စီး မီးလောင်ပျက်ဆီးသွားခဲ့သဖြင့် မီးသတ်ယာဉ် (၂)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ ချစ်ကြည်ရေးတံတား(၁) အဝင်တံခါး အဆောက်အဦအမိုး၊ လဝကစစ်ဆေးရေးရုံး အဆောက်အဦတို့ ပျက်ဆီးသွားခဲ့ကာ တံတားဝဲဘက်ခြမ်းရှိ နေအိမ်အဆောက်အဦ ပြတင်းတံခါးမှန်များ ပျက်ဆီးသွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စိစစ်ဆဲဖြစ်ကြောင်း သိရှိရပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင် အဆောက်အဦများ၊ ပြည်သူပိုင်အိုးအိမ်များကို ဖျက်ဆီးလျက်ရှိသည့်အပြင် ယခုကဲ့သို့ နှစ်နိုင်ငံစီးပွားရေးအရ ကုန်သွယ်မှုပြုနေ‌သော လမ်းတံတားများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများ ဖြစ်ပေါ်လျက် ရှိပါသည်။

          အခင်းဖြစ်ပွားရာနေရာသို့ မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲမင်းသူ ဦးစီးသောအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်းဇော် ဦးစီးသောအဖွဲ့၊ ရှေ့တန်း အမှတ်(၂၇၅) ခြေလျင်တပ်ရင်းမှ ဗိုလ်ကောင်းခန့်ဟိန်း ဦးစီးသောအဖွဲ့တို့မှ စစ်ဆေးလျက်ရှိပြီး ယာဉ်ဖြင့်ဖောက်ခွဲ ဖျက်ဆီးခဲ့သူအား ဖမ်းဆီးရမိရေးအတွက် အပူတပြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။   

  • မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားထိပ် (မြန်မာဘက်ခြမ်း) မုခ်ဦးတွင် မော်တော်ယာဉ်ဖြင့် ဖောက်ခွဲဖျက်ဆီးမှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး မော်တော်ယာဉ်နှင့် အဆောက်အဦများ ပျက်ဆီးခဲ့။

Add new comment