ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းတို့နှင့် ဆက်စပ်တာဝန်ရှိသူများ၏ ဆောင်ရွက်ချက်များအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ပါသည်။
စစ်ဆေးတွေ့ရှိချက်အရ-
- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးသောင်းထွန်းသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းပေါ်ရှိ မြေဧက ၉ ဒသမ ၂၂၀ အား ၎င်းနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသော ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ တင်ဒါခေါ်ယူမှုမရှိဘဲ နှစ် ၃၀ ငှားရမ်းပေးခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် တစ်နှစ်အတွက် မြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သိန်းကျော်နှင့် မြေအသုံးချမှု ပရီမီယံကြေး အမေရိကန် ဒေါ်လာ ၈ ဒသမ ၉ သန်းကျော် နစ်နာဆုံးရှုံးခဲ့ခြင်း။
- ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းသည် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံရန် ဆောင်ရွက်နေသည့်အချိန်တွင် ဒေသခံပြည်သူလူထု ထောက်ခံမှုရရှိစေရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းကို လိုက်နာမှုမရှိဘဲ မုံရွာ-ယာကြီး-ကလေးဝလမ်း၊ မိုင်(၈၅/၀)မှ ကြာပင်ကျေးရွာသို့ ဆက်သွယ်ထားသောလမ်းအား ငွေစာရင်းခေါင်းစဉ် လျာထားသတ်မှတ်မှုမရှိဘဲ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးက လမ်းဦးစီးဌာန ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေကျပ် ၅၆၂ သန်းကျော်ဖြင့် သုံးစွဲစေရေးဆောင်ရွက်စေခဲ့ခြင်း။
- မင်းကင်းမြို့နယ်တွင် ကျောက်အိုးတံတားအသစ်ကို ငွေလုံးငွေရင်း ရန်ပုံငွေမှလျာထားခွင့်ပြုထားခြင်းမရှိဘဲ ဦးကျော်လင်း၏ လမ်းညွှန်ချက်ဖြင့် တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က တံတားပြင်ဆင်ထိန်းသိမ်းရေးရန်ပုံ ငွေကျပ်သန်း ၁၂၀ ဖြင့် တည်ဆောက် စေခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ငွေကြေးများကို ထိခိုက်နစ်နာဆုံးရှုံးခဲ့ခြင်း။
- ဦးကျော်လင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခရိုင်ရုံး ဆောက်လုပ်ရန်အတွက် အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်ထံမှတစ်ဆင့် အဆောက်အဦအထူးအဖွဲ့ ၁၆ ဖွဲ့ရှိ လက်အောက် ဝန်ထမ်းများထံမှ ငွေကျပ် သိန်း ၃၀ ကို လက်ခံရယူခဲ့ခြင်း။
- ဦးကျော်လင်းသည် ပါတီအောင်နိုင်ရေးတွင် အသုံးပြုရန်အကြောင်းပြ၍ အလှူငွေများကို ၎င်းကိုယ်တိုင်နှင့်၎င်း၏ ကိုယ်ရေးအရာရှိဖြစ်သူမှတစ်ဆင့် ဆောက်လုပ်ရေးဝန်ထမ်းများနှင့် ဆောက်လုပ်ရေးကုမ္ပဏီများထံမှ စုစုပေါင်းငွေကျပ် ၃၆၃ သိန်းကျော်ကို လက်ခံ၍ရွေးကောက်ပွဲ စည်းရုံးရေးအတွက် ပါတီအလံ၊ အင်္ကျီ၊ တီရှပ်၊ ဦးထုပ်နှင့် လက်ကမ်းစာစောင်များ ဝယ်ယူရာတွင် အသုံးပြုခဲ့သဖြင့် ဆောက်လုပ်ရေးကုမ္ပဏီ နှစ်ခုထံမှ စုစုပေါင်း ငွေကျပ်သိန်း ၆၀၀ ကို ၎င်း၏ ကိုယ်ရေးအရာရှိမှတစ်ဆင့် လက်ခံရယူခဲ့ခြင်း။
ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းနှင့် ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဦးအောင်မြင့်ဦး၊ ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့်တို့အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲဆိုတင်ပို့ခဲ့ရာ ပြစ်မှုထင်ရှားသဖြင့် ဧပြီလ ၂၂ ရက်တွင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အလုပ်နှင့်ထောင်ဒဏ် ၉ နှစ်၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်၊ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးအောင်မြင့်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရ အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်နှင့် ညွှန်ကြားရေးမှူးချုပ် ဟောင်း ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရ အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။
- ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အလုပ်နှင့်ထောင်ဒဏ် ၉ နှစ်၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်ကျခံစေရန်။
- ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးအောင်မြင့်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရ အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်နှင့် ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့် တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရ အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့။
Add new comment