စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ဆရာကြီးဖြစ်သည့် မြဝတီရပ်ကွက်နေ ဦးသောင်းတင်ထွန်း (၅၅) နှစ်သည် ဧပြီလ ၂၁ ရက်တွင် မုံရွာ-ရေဦးကားလမ်းဘေးရှိ ၎င်း၏နေအိမ်ရှေ့၌ ဖွင့်လှစ်ထားသည့် တော်ဝင်ထွန်းဈေးဆိုင်၌ရှိနေစဉ် အကြမ်းဖက်သမား (၂)ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့သဖြင့် ဦးသောင်းတင်ထွန်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ၎င်းအား ဘုတလင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူ စဉ် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ NUG အကြမ်းဖက်အဖွဲ့များ၏ စေခိုင်းချက်ဖြင့် PDF အကြမ်းဖက်သမားများသည် ကျောင်းသား/ သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ခြင်းမရှိစေရန် စာသင်ကျောင်းများအား လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ ဖျက်ဆီးခြင်းများအပြင် ပညာရည်မြင့်မားရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေသည့် အပြစ်မဲ့ပြည်သူများနှင့် ပညာရေးဝန်ထမ်းများဖြစ်သည့် ဆရာ/ဆရာမများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဧပြီလ ၂၃ ရက်အထိ ဆရာ ၁၂ ဦး၊ ဆရာမ ၁၃ ဦးနှင့် ဝန်ထမ်း ၃ ဦးတို့ရက်စက်စွာ အသတ်ခံရပြီး ဆရာ ၉ ဦး၊ ဆရာမ ၁၄ ဦး၊ ဝန်ထမ်း ၅ ဦးတို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီးဖြစ်ပါသည်။
ထိုကဲ့သို့ နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသူအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- ဒုတိယကျောင်းအုပ်ဆရာကြီး ဦးသောင်းတင်ထွန်းအား ၎င်း၏နေအိမ်ရှေ့၌ ဖွင့်လှစ်ထားသည့် တော်ဝင်ထွန်းဈေးဆိုင်၌ရှိနေစဉ် အကြမ်းဖက်သမား (၂)ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့သဖြင့် ၎င်းအား ဘုတလင်မြို့ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် ရရှိခဲ့သည့် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့။
- အကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် ဧပြီလ ၂၃ ရက်အထိ သေဆုံးသူ ဆရာ ၁၂ ဦး၊ ဆရာမ ၁၃ ဦး၊ ဝန်ထမ်း ၃ ဦး၊ စုစုပေါင်း ၂၈ ဦးနှင့် ဒဏ်ရာရရှိသူ ဆရာ ၉ ဦး၊ ဆရာမ ၁၄ ဦး၊ ဝန်ထမ်း ၅ ဦး၊ စုစုပေါင်း ၂၈ ဦး တို့ရှိပြီဖြစ်။
Add new comment