စီးပွားရေးပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ရန် ရှာဖွေဆောင်ရွက်နေစဉ်၌ မြန်မာနိုင်ငံအစိုးရအနေဖြင့် အကြမ်းဖက်သမားများကြောင့် ပျက်စီးသွားသောဓာတ်အားလိုင်းများ ပြန်လိည်ပြုပြင်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်နေပြီး ဟိုက်ဒရိုကာဗွန်နှင့် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်အောင် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့က ဧပြီလ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
ထုတ်ပြန်ချက်
မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများအား ဖြေရှင်းဆောင်ရွက်ခြင်း
ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် တစ်ကမ္ဘာလုံး၌ သဘာဝဓာတ်ငွေ့ရည် ဈေးနှုန်းများ မြင့်တက်လာခြင်း၊ ငွေကြေးပြတ်တောက်မှုကြား၌ မြန်မာကျပ်ငွေ အားနည်းခြင်းနှင့် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ဆက်စပ်နေသည့် အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံတွင်းမကြာသေးမီက လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မှုများ ဖြစ်ပွားရခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်ကတည်းက ဓာတ်အားခ ပေးချေမှုများကို သပိတ်မှောက်ရန် လှုံ့ဆော်ခြင်းအပြင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ကယားပြည်နယ်ရှိ လောပိတရေအား လျှပ်စစ်စက်ရုံမှ ဓာတ်အားလိုင်းများကို ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ အဆိုပါလုပ်ရပ်များသည် အထူးသဖြင့် ပြည်တွင်းရှိ သာမန်ပြည်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် အခက်အခဲဖြစ်စေခဲ့သည်။
သို့သော်လည်း အစောပိုင်းက ပြည်တွင်းမငြိမ်သက်မှုများ ရှိနေသော်လည်း ၂၀၂၁ ခုနှစ်၊ နှစ်ဝက်မှစတင်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု တော်တော်များများရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် နိုင်ငံ၏စွမ်းအင် အခြေအနေနှင့်စပ်လျဉ်း၍ အမျိုးမျိုးသောလုပ်ရပ်များကို လျော့ပါးသက်သာစေရန် အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည် -
(၁) ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ဈေးနှုန်းများ တည်ငြိမ်မှုနှင့်အတူ အစိုးရသည် ပြည်တွင်းဓာတ်အား ထုတ်လုပ်ရေးအတွက် သဘာဝဓာတ်ငွေ့ကို တိုးမြှင့်သုံးစွဲရန် ကြိုးပမ်းနေပါသည်။
(၂) အကြမ်းဖက်သမားများကြောင့် ပျက်စီးဆုံးရှုံးသွားသည့် လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံများကို အစိုးရကပြုပြင်ပြီးနောက် လုံခြုံရေးအစီအမံများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။
(၃) လက်ရှိစက်ရုံများကို ပြောင်းလဲအသုံးပြုခြင်းကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များမှတစ်ဆင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရင်းမြစ်များမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည် ဖြစ်သည်-
- ရွှေဂက်စ်ပိုက်လိုင်းအသစ်ကို ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် တည် ဆောက်ပြီးစီးခဲ့ပြီး ပုံမှန်ဓာတ်အား ၃၃၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်မည်ဖြစ်သည်။
- လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀ ချက်ချင်း ထုတ်လုပ်ရန်အတွက် ဓာတ်မြေသြဇာစက်ရုံအချို့ (ဓာတ်ငွေ့သုံး၍) အသွင်ပြောင်းခြင်းနှင့် အခြားဓာတ်ငွေ့သုံး ဓာတ်အားပေးစက်များ သို့မဟုတ် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံစီမံကိန်းများတွင် အရှိန်ဟုန်မြှင့်လုပ်ဆောင်ခြင်း၊ လက်ရှိတွင် သဘာဝ ဓာတ်ငွေ့ကုဗပေ သန်း ၂၀ ကို အသုံးပြု၍ ကျောက်ဖြူတွင် လျှပ်စစ်ဓာတ်အား စုစုပေါင်းမဂ္ဂါဝပ် ၁၀၀ ခန့် ထုတ်ပေးလျက်ရှိသည်။ ပိုက်လိုင်းပြုပြင်ထိန်းသိမ်းပြီးပါက တစ်နေ့လျှင် ကုဗပေ သန်း ၃၀ အထိ တိုးချဲ့ကာ ၁၉၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။
(၄) တရုတ်နိုင်ငံနှင့် အဓိက စွမ်းအင်စီမံကိန်းများ
အကြီးဆုံးအိမ်နီးချင်းနိုင်ငံနှင့် မိတ်ဖက်စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှပါဝင်မည်ဖြစ်သည်။
- China National Petroleum Corporation (CNPC) ၏ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပိုင်းကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးပြီး ရေနံပိုက်လိုင်းအပိုင်းကို ၂၀၁၇ ခုနှစ် ဧပြီလတွင် အပြီးသတ်တည်ဆောက်ခဲ့သည်။ အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံတွင် CNPC၏ အကြီးဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး နိုင်ငံအတွင်း တရုတ်နိုင်ငံ၏ “ပိုးလမ်းမစီမံကိန်း - Belt and Road Initiative” ၏ အဓိကအချက်အချာဖြစ်သည်။
- တရုတ်ကုမ္ပဏီသုံးခုဖြစ်သည့် Union Resources and Engineering Company (၄၁ ရာခိုင်နှုန်း)၊ Yunnan Energy Investment (၃၉ ရာခိုင်နှုန်း) နှင့် Zhefu Holding Group (၁ ရာခိုင်နှုန်း) တို့သည် Myanmar’s Supreme Group (၁၉ ရာခိုင်နှုန်း)နှင့်ပူးပေါင်းပြီး ၁၃၉၀ မဂ္ဂါဝပ် LNG ထုတ် ပေးသည့် မီးလင်းချိုင်စီမံကိန်းကို အကောင်အထည်ဖော်ရန် စတင်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးရှိ အဆိုပါစက်ရုံတွင် LNG ဓာတ်အားပေးစက်ရုံ၊ LNG သိုလှောင်ကန်၊ ဗို့အားမြင့်သွယ်တန်းခြင်းနှင့် ရန်ကုန်သို့ သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းများပါဝင်သည်။ အဆိုပါ စီမံကိန်းအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးပြီး ၂၀၂၇ ခုနှစ်တွင် စီးပွားဖြစ် လုပ်ငန်း စတင်လည်ပတ်နိုင်မည်ဟု မျှော်လင့်ရသည်။
ထို့အပြင် မြန်မာအစိုးရသည် ၎င်း၏တိုးတက်မှုကို အရှိန်မြှင့်တင်ရန်အလို့ငှာ ခန့်မှန်းခြေ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရှိသည့် အဆိုပါ ဦးစားပေးစွမ်းအင်စီမံကိန်းကိုလည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အစောပိုင်း စီမံကိန်းများစာရင်းတွင် ထည့်သွင်းရန် အဆိုပြုထားမည်ဖြစ်သည်။
(၅) ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာခြင်း
ဆိုလာစွမ်းအင် - မဂ္ဂါဝပ် ၄၀ ရှိမည့် လက်ပံလှနှင့် မဂ္ဂါဝပ် ၃၀ ရှိမည့် ညောင်ပင်ကြီး ဆိုလာစီမံကိန်းများသည် ထက်ဝက်ကျော် ပြီးစီးနေပြီဖြစ်သည်။ နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရည်မှန်းချက်အောင်မြင်ရေးအတွက် မဂ္ဂါဝပ် ၃၇၀ ထုတ်လုပ်မည့် နေရောင်ခြည်သုံးစွမ်းအင်စီမံကိန်း ၁၃ ခု ကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။
၃၉၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် နေရောင်ခြည်စွမ်းအင်သုံး နောက်ထပ်စီမံကိန်း ၃ ခု ကိုလည်း ရေးဆွဲထားသည်။ ရေပေါ်နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းများ၊ ခေါင်မိုးပေါ်ရှိ ဆိုလာစီမံကိန်းများနှင့် အသေးစားနှင့်အလတ်စားစီမံကိန်းများကို တတ်နိုင်သရွေ့မြှင့်တင်ရန် အထူးကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
၆၃၅ မဂ္ဂါဝပ်ထုတ်လုပ်မည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၁၈ ရုံကိုလည်း တင်ဒါခေါ်ယူထားသည်။ ဖိတ်ခေါ်ထားသည့် မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်မည့် ဆိုလာစီမံကိန်း ၁၁ ခုအတွက်လည်း ဆက်လက်ညှိနှိုင်းမှုများအပြင် သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။
ရေအားလျှပ်စစ်-ရေအားလျှပ်စစ်ဆည်ပေါင်း ၆၀ ကျော်နှင့်အတူ ရေအားလျှပ်စစ်သည် နိုင်ငံတစ်ဝန်းလျှပ်စစ်စွမ်းအင်၏ အဓိကအရင်းအမြစ်ဖြစ်သည်။ အစိုးရအနေဖြင့် မကြာမီတွင် တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ်ခန့် ဝယ်ယူရန်ညှိနှိုင်းနေသည်။ အစိုးရ အနေဖြင့် အတည်ပြုချက်မပေးမီ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အကဲဖြတ်ခြင်းကို ဦးစွာအလေးထား ပြုလုပ်သွားမည်ဖြစ်သည်။ စီမံကိန်းဒီဇိုင်းများသည် အနာဂတ် စိုးရိမ်ပူပန်မှုများကို ဖြေလျှော့ရန်အတွက် သက်ဆိုင်ရာနယ်ပယ်များနှင့်ချိတ်ဆက်၍ ယင်းကဲ့သို့သော အကျိုး သက်ရောက်မှုများ၊ အစီအစဉ်များနှင့် အကျိုးကျေးဇူးများကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်နေပြီး ရေအားနှင့် ဆိုလာစွမ်းအင်ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ၉ ရာခိုင်နှုန်းထုတ်လုပ်ရန် စီစဉ်ထားသည်။
နိုင်ငံခြားရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီများ၏ ထွက်ခွာမှုကို အစီရင်ခံတင်ပြခြင်း
ပြင်သစ်နိုင်ငံမှ Total Energies ကုမ္ပဏီ၏ ရတနာလုပ်ကွက်နှင့် ဆက်စပ်ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးစီမံကိန်းတို့မှ နုတ်ထွက်ခြင်းသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင်စတင်မည်ဟု ပြည်ထောင်စုဝန်ကြီးများက ပြောကြားခဲ့သည်။ ယခင် အစုရှယ်ယာ၏ ၃၁ ဒသမ ၂၄ ရာခိုင်နှုန်းကို ထိုင်း နိုင်ငံ၏ PTTEP International Limited (PTTEPI) ကို ဆက်ခံသည့် အော်ပရေတာအဖြစ် လွှဲပြောင်းထားသည်။ Total Energies ကုမ္ပဏီ၏ နုတ်ထွက်မှု စတင်သက်ဝင်သည့်နေ့ နောက်ပိုင်းတွင် PTTEPI ကုမ္ပဏီသည် အစုရှယ်ယာ ၃၇.၀၈၄၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်ပြီး Chevron ကုမ္ပဏီ၏လုပ်ငန်းခွဲဖြစ်သော Unocal Myanmar Offshore Company Limited သည် စီမံကိန်း၏ အစုရှယ်ယာအများဆုံးဖြစ်သည့် ၄၁ ဒသမ ၁၀၁၆ ရာခိုင်နှုန်းကို ပိုင်ဆိုင် မည်ဖြစ်သည်။
၁၉၉၆ ခုနှစ်တွင် ပထမဆုံးတင်ပို့မှုမှစတင်၍ ဤစီမံကိန်းမှ ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းခန့် သို့မဟုတ် လက်ရှိတွင် တစ်နေ့လျှင် စံကုဗပေ ၇၆၈ သန်းခန့်အား ကျန်ရှိသည့်သတ်မှတ်ထားသော ပြည်တွင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် ထိုင်းနိုင်ငံသို့ ရောင်းချသည်။
“ဤသည်မှာ ပိုင်ဆိုင်မှုပြောင်းလဲမှုကြောင့် လုပ်ငန်းများကို အကျိုးသက်ရောက်မှု မရှိပါ။ ရတနာလုပ်ကွက်သည် မြန်မာနိုင်ငံတွင် လူသိများသော ကမ်းလွန်ပင်လယ်ပြင်တွင် အကြီးဆုံးဟိုက်ဒရို ကာဗွန်သိုက်များရှိသည်။ သို့သော်လည်း နှစ်ပေါင်း ၂၀ ကျော်ကြာပြီးနောက် ၂၀၂၁ ခုနှစ်ကုန်ပိုင်းမှစ၍ ယင်းလုပ်ကွက်မှ ထုတ်လုပ်မှုသည် ကျဆင်းသွားခဲ့သည်။ ယနေ့အထိ ယင်းလုပ်ကွက်မှထုတ်လုပ်မှုသည် ၈၅ ရာခိုင်နှုန်းအထိ ပြန်လည်ရရှိခဲ့သည်”ဟု ပြည်ထောင်စုဝန်ကြီးများက ပြောကြားခဲ့သည်။ Total Energies ကုမ္ပဏီသည် မြန်မာနိုင်ငံမှထွက်ခွာမှုအတွက် လျော်ကြေးငွေ တောင်းခံခြင်း မရှိပေ။
အမေရိကန်ပြည်ထောင်စု Chevron ကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Unocal Myanmar Offshore Co., Ltd. က မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ နုတ်ထွက်မည်ဟု ပြောကြားခဲ့သော်လည်း ယနေ့အထိအစိုးရအနေဖြင့် ကုမ္ပဏီထံမှ တရားဝင်အကြောင်းကြားစာမရရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီးများက ပြောကြားသည်။
တတိယမြောက် နိုင်ငံခြားစွမ်းအင်ကုမ္ပဏီဖြစ်သည့် သြစတြေးလျနိုင်ငံမှ Woodside Petroleum Ltd သည် ရခိုင်ပြည်နယ်ရှိ A6 သဘာဝဓာတ်ငွေ့စီမံကိန်းမှ မကြာသေးမီက နုတ်ထွက်ခဲ့သည်။ ၎င်း၏ရှယ်ယာများကို ၎င်း၏ စီမံကိန်း လုပ်ဖော်ကိုင်ဖက် MPRL E&P Group of Companies မှ လွှဲပြောင်းရယူခဲ့သော်လည်း လုပ်ငန်းပိုင်းဆောင်ရွက်မှုများ ထိခိုက်မှုမရှိပေ။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍသည် ဆွဲဆောင်မှုရှိနေဆဲဖြစ်
၁၈၅၃ ခုနှစ်တွင်စတင်၍ တင်ပို့ခဲ့သည့် ကမ္ဘာ့ဝါရင့်ရေနံထုတ်လုပ်သည့်နိုင်ငံများ အနက် တစ်နိုင်ငံဖြစ်သော်လည်း ပိတ်ဆို့အရေးယူမှုများ၊ နားလည်ရန်ခက်ခဲသော မူဝါဒများနှင့်ရင်းနှီးမြှုပ်နှံမှု မလုံလောက်မှုများကြောင့် မြန်မာနိုင်ငံသည် ကနဦးအစပျိုး သည့်အဆင့်၌ပင် ရှိနေဆဲဖြစ်သည်။
“သက်သေပြထားသောစွမ်းအင်အရန် ပမာဏသည် အတော်အသင့်သာရှိသေးသော်လည်း အလွတ်သဘောခန့်မှန်းချက်များသည် အလွန်အလားအလာကောင်းပါတယ်။ ထိုင်းနှင့်တရုတ်နိုင်ငံရှိကြီးမားသော ဝယ်လိုအားစင်တာများနှင့်နီးစပ်ပြီး အလားအလာကောင်းသော အဆိုပါလုပ်ကွက်များသည် စီးပွားရေးသမားအများအပြား၏ စိတ်ပါဝင်စားမှုကို ဆွဲဆောင်လျက်ရှိပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ဟိုက်ဒရိုကာဗွန်လုပ်ကွက်များအတွက် နိုင်ငံတကာလေလံပွဲတွေကို အောင်အောင်မြင်မြင်နဲ့ကျင်းပခဲ့ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးများကပြောကြားခဲ့သည်။
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို တုံ့ပြန်ခြင်း
မကြာသေးမီလများအတွင်း အနောက်နိုင်ငံအများအပြား၏ ပြင်ပဖိအားများနှင့် စီးပွားရေးပိတ်ဆို့အရေးယူမှုများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအကြား စိုးရိမ်ပူပန်မှုများ တိုးလာနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးများက ပြောကြားခဲ့သည်။
“စီးပွားရေးပိတ်ဆို့မှုတွေက အစိုးရထက် ပုဂ္ဂလိကကဏ္ဍတွေကိုပိုပြီး အပျက်သဘော အကျိုးသက်ရောက်နိုင်တယ်။ ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့လုပ်ငန်းတွေ၊ ပြည်တွင်းအလုပ်သမားတွေ၊ ကုန်ပစ္စည်းတင်သွင်းသူတွေနဲ့ စားသုံးသူအများစုမှာ ဒုက္ခရောက်ကြရပါတယ်။”
“ခွင့်ပြုထားပြီးဖြစ်တဲ့ စီမံကိန်းကြီးတချို့က စတင်ဆောက်လုပ်နေပါပြီ။ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အချို့သော စီမံကိန်းအရှိန်မြှင့်ဆောင်ရွက်သူများသည် နိုင်ငံခြားငွေလွှဲပြောင်းရာ၌ အတားအဆီးတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အဲဒါက စီမံကိန်းတွေရဲ့ တိုးတက်မှုကို ထိခိုက်ခဲ့ပါတယ်။”
“ပိတ်ဆို့အရေးယူမှုတွေကြောင့် အဆိုပါစီမံကိန်းတွေကို ရပ်လိုက်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက ဖြစ်ပေါ်လာတဲ့ စီမံကိန်းကုန်ကျစရိတ်တွေထက် သူတို့ခံစားခဲ့ရတဲ့ အခွန်ကင်းလွတ်ခွင့်တွေကို ပြန်ဆပ်ရမှာဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဆိုင်းငံ့ထားတဲ့ အခြေအနေမှာပဲ ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အဆင်မပြေတဲ့ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကြောင့်မဟုတ်ဘဲ ပြင်ပဖိအားတွေကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားနိုင်ပါတယ်။”
“မြန်မာနိုင်ငံအနေနဲ့ လုံခြုံ၍ လက်လှမ်းမီနိုင်ပြီး အဆင်ပြေသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို ပံ့ပိုးပေးဖို့ ကတိပြုပါတယ်။ ကျွန်တော်တို့အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နုတ်ထွက်သွားတာကို မမြင်တွေ့လိုပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပေါ်ပေါ် ထင်ထင် တားမြစ်ထားသော်လည်း မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လက်ဆွဲဆောင်လျက်ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ နိုင်ငံခြားလုပ်ဖော်ကိုင်ဖက်အများအပြားသည် ကျွန်ုပ်တို့နှင့် တိတ်တဆိတ်လက်တွဲလုပ်ကိုင်ရန် ရွေးချယ်ကြပြီး မြန်မာ့စီးပွားရေးအလားအလာနှင့် ၎င်းတို့ရဲ့ ထူးခြားသော စိန်ခေါ်မှုတွေကို အပြည့်အဝအသိအမှတ်ပြုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးများက ပြောကြားခဲ့သည်။
စွမ်းအင်ကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုအားလုံးတွင် ဦးစားပေးအဖြစ်တည်ရှိ
ပြည်ထောင်စုဝန်ကြီးများသည် ပြီးခဲ့သောဘဏ္ဍာရေးနှစ် ၂ နှစ်အတွင်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ နောက်ဆုံးရအချက်အလက်များကိုပေးခဲ့သည်။ ဘဏ္ဍာရေးနှစ် ၂၀၂၀ - ၂၀၂၁ (ဘတ်ဂျက်ကာလ ၁၂ လကုန်ဆုံးသည့် အောက်တိုဘာလ) နှင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် (ဘတ်ဂျက် ကာလ ၆ လ ကုန်ဆုံးသည့် မတ်လ)တွင် ကဏ္ဍ ၁၂ ခု၌ စုစုပေါင်းစီမံကိန်း ၈၂ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၂ ဘီလီယံရှိကြောင်း အတည်ပြုခဲ့သည်။ (၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၉ ဘီလီယံနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် အမေရိ ကန်ဒေါ်လာ ၅၃၀ ဒသမ ၇၇၅ သန်း)။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကဏ္ဍ ၁၂ ခု အနက်မှ စီမံကိန်းအများစုသည် ကုန်ထုတ်လုပ်မှုဖြစ်သည်။ သို့သော်လည်း ဤကာလအတွင်း စွမ်းအင်ကဏ္ဍသည် စီမံကိန်း ၆ ခုအတွက် ယခုဘတ်ဂျက်ကာလအတွင်း၌ စုစုပေါင်းခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၂ ဘီလီယံ ကို လက်ခံရရှိခဲ့ပြီး စွမ်းအင်ကဏ္ဍ၏ ဆွဲဆောင်မှုကို မီးမောင်းထိုးပြသခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံအများစုမှာ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်းနှင့် တောင်ကိုရီးယားတို့ဖြစ်သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်း ၁၅ ခုမှာ တရုတ်နိုင်ငံမှဖြစ်ပြီး စီမံကိန်း ၁၄ ခုမှာ စင်ကာပူမှဖြစ်သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် တရုတ်နိုင်ငံမှ စီမံကိန်း ၁၈ ခုနှင့် ဟောင်ကောင်မှ စီမံကိန်း ၆ ခုရှိသည်။
ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၂ နှစ်အတွင်း ကဏ္ဍ ၁၂ ခုတွင် ပြည်တွင်းစီမံကိန်း ၉၃ ခု (၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၆၁ ခုနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ၃၂ ခု) တန်ဖိုးငွေကျပ် ၂,၂၄၈ ဒသမ ၇ ဘီလီယံ (၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁,၁၇၁ ဒသမ ၈ ဘီလီယံ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်တွင် ငွေကျပ် ၁,ဝ၇၆ ဒသမ ၉ ဘီလီယံ) အသီးသီးရှိကြောင်း အတည်ပြုခဲ့သည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လတာ ကာလကို ကာလတိုဘတ်ဂျက်ကာလအဖြစ် သတ်မှတ်ထားသည်။ ဘဏ္ဍာရေးနှစ်သည် ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ပြောင်းလဲခဲ့သည်။
စုစုပေါင်း စီမံကိန်း ၅၀ သည် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဦးဆောင်နေသည့် ကုန်ထုတ်လုပ်မှုကဏ္ဍမှဖြစ်ပြီး ထို့နောက်တွင် ဝန်ဆောင်မှုကဏ္ဍမှ အတည်ပြုထားသော စီမံကိန်း ၁၄ ခုနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍမှာ စီမံကိန်း ၁၁ ခု ဖြင့် တတိယရရှိခဲ့သည်။
- ရုရှား-ယူကရိန်းပဋိပက္ခကြောင့် တစ်ကမ္ဘာလုံး၌ သဘာဝဓာတ်ငွေ့ရည် ဈေးနှုန်းများ မြင့်တက်လာခြင်း၊ ငွေကြေးပြတ်တောက်မှုကြား၌ မြန်မာကျပ်ငွေအားနည်းခြင်းနှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ဆက်စပ်နေသည့် အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံအတွင်း၌ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မှုများ ဖြစ်ပွားရခြင်းဖြစ်။
- ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ဈေးနှုန်းများ တည်ငြိမ်မှုနှင့်အတူ အစိုးရသည် ပြည်တွင်း ဓာတ်အားထုတ်လုပ်ရေးအတွက် သဘာဝဓာတ်ငွေ့ကို တိုးမြှင့်သုံးစွဲရန် ကြိုးပမ်းလျက်ရှိ။
- အကြမ်းဖက်သမားများကြောင့် ပျက်စီးဆုံးရှုံးသွားသည့် လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံများကို အစိုးရကပြုပြင်ပြီးနောက် လုံခြုံရေးအစီအမံများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်။
- လက်ရှိစက်ရုံများကို ပြောင်းလဲအသုံးပြုခြင်းကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များမှတစ်ဆင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရင်းမြစ်များမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်။
Add new comment