နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မိဘပြည်သူများသို့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင်  ငြိမ်းချမ်း ရေးနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားသည့်မိန့်ခွန်း

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်

၂၀၂၂ ခုနှစ် ၊ ဧပြီလ ၂၂ ရက်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ မိဘပြည်သူများခင်ဗျား

နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစဉ်အဆက်တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီးဖြစ်ပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ ၇၅ နှစ်ကာလကြာပြီဖြစ်တဲ့ လွတ်လပ်ရေးရဲ့ အနှစ်သာရများကို တိုင်းရင်းသားပြည်သူများ အပြည့်အဝ မခံစားရသေးတာကိုလည်း လက်ရှိပကတိဖြစ်ရပ်များက ပြဆိုနေပါတယ်။ အဓိကအကြောင်းအရာကတော့ သဘောထားကွဲလွဲမှုများအပေါ်မှာ အခြေခံပြီး ဖြစ် ပေါ်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကိုကျွန်တော်တို့ ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီရဲ့အနှစ်သာရ လွတ်လပ်ရေးအနှစ်သာရကို အပြည့်အဝခံစားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။

ဒါကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင် တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများ ပြုလုပ်သွားပါမယ်။

လိုအပ်ရင်လည်း ထပ်မံဆွေးနွေးမှုတွေကိုလည်း ပြုလုပ်သွားပါမယ်။ ဒီဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်များကိုယ်တိုင်နဲ့ အဖွဲ့ဝင် ၂ ဦးစီ တက်ရောက်ပေးကြပါ။ တက်ရောက်မယ့်သူ ပုဂ္ဂိုလ်များရဲ့ အမည်ကို ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားပေးကြစေလိုပါတယ်။

နှစ်ဖက်ညှိနှိုင်းပြီးတော့မှ ရက်သတ်မှတ်ဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရသာကိုခံစားနိုင်ရေး ကျွန်တော်တို့ အားလုံးလက်တွဲပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားကြပါမယ်။

ပြည်ထောင်စုသားအားလုံးရဲ့အကျိုးကို ရှေးရှုပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျား။

အားလုံးကို ကျေးဇူးတင်ပါတယ်။

 

  • နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစဉ်အဆက်တောင်းဆိုလာခဲ့သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီးဖြစ်။
  • လွတ်လပ်ရေး၏ အနှစ်သာရများကို တိုင်းရင်းသားပြည်သူများ အပြည့်အဝ မခံစားရသေးကြောင်းကို လက်ရှိပကတိဖြစ်ရပ်များက ပြဆိုနေပြီး အဓိကအကြောင်းအရာမှာ သဘောထားကွဲလွဲမှုများအပေါ်အခြေခံပြီး ဖြစ်ပေါ်လာခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ကြောင့်ဖြစ်။
  • တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များအား တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါပြီး အဆိုပါ အဖွဲ့များအားလုံးကို နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တွေ့ဆုံမည်ဖြစ်၊ တွေ့ဆုံပြီးပါက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်အဖွဲ့များနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်။
  • ဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီး၏ ခေါင်းဆောင်များကိုယ်တိုင်နှင့် အဖွဲ့ဝင် ၂ ဦးစီ တက်ရောက်ရမည်ဖြစ်ပြီး တက်ရောက်မည့် ပုဂ္ဂိုလ်များ၏ အမည်ကို ၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားပေးကြစေလို။

Add new comment