ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အရ-
- ဒေါက်တာထားထားလင်းသည် GAVI HSS2 Grant (Global Alliance for Vaccines and Immunization-Health System Strengthening 2) ဖြင့် ဆောင်ရွက်သော လုပ်ငန်းများနှင့်ပတ်သက်၍ စီမံချက်မန်နေဂျာအဖြစ် ဆောင်ရွက်စဉ် ညွှန်ကြားချက်ကို လိုက်နာ ဆောင်ရွက်ခြင်းမရှိသဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် ၁၆၁ ဒသမ ၁၉၈ သန်းကို နစ်နာဆုံးရှုံးစေခဲ့။
- ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးဦးသည် GAVI HSS2 Grant ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများတွင် တာဝန်ယူကြီးကြပ်ပြီး စီမံခန့်ခွဲရသူဖြစ်သည့်အလျောက် နိုင်ငံတော်၏ ငွေကြေးနစ်နာဆုံးရှုံးစေသည့် ဒေါက်တာထားထားလင်း၏ ဆောင်ရွက်မှုတွင် ကြီးကြပ် စစ်ဆေးရန်/စီမံခန့်ခွဲရန် ပျက်ကွက်ခြင်းတို့သည် နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရန်အတွက် အားပေးကူညီမှုကို ဖြစ်စေခဲ့။
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်၌ ရာဇဝတ်ကြီးမှုအမှတ် ၃၆/၂၀၂၁ ဖြင့် လက်ခံစစ်ဆေးခဲ့ရာ ပြစ်မှုထင်ရှားသဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင် ဒေါက်တာထားထားလင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ကျခံစေရန်နှင့် ဒေါက်တာစိုးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။
- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ကျခံစေရန်နှင့် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာစိုးဦးကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့။
Add new comment