လူငယ်၊ လူရွယ်များ၏ အနာဂတ်ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ သင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး/ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများပြုလုပ်လျက်ရှိသည့်အပြင် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
ဧပြီလ ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကူတော့ပလ္လင်ကျေးရွာနေ အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတင်ဝင်း(၅၄)နှစ်သည် ၎င်း၏နေအိမ်တံခါးဝ၌ရှိနေစဉ် အဆိုပါနေအိမ်ရှေ့သို့ PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ထွက် ပြေးသွားခဲ့သဖြင့် ကျောင်းအုပ် ဆရာကြီးတွင် နောက်ကျော ကျည်ထိမှန်ဒဏ်ရာ ၃ ချက်၊ ရင်ညွန့်ကျည်ထိမှန် ဒဏ်ရာ ၁ ချက်တို့ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။
NUG အဖွဲ့၏ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ PDF အကြမ်းဖက်သမားများသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သော လူငယ်များ၏ ပညာသင်ကြားမှုများကို ဖျက်ဆီးရန် ပညာရေးကဏ္ဍအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများနှင့် ပညာရေး အဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ ဖျက်ဆီးခြင်း၊ ပညာရည်မြင့်မားရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေသည့် အပြစ်မဲ့ ပြည်သူများနှင့် ပညာရေးဝန်ထမ်းများအား ရက်စက်စွာလုပ်ကြံသတ်ဖြတ်မှုကြောင့် ဧပြီလ ၂၀ ရက်အထိ ဆရာ ၁၁ ဦး၊ ဆရာမ ၁၃ ဦးနှင့် ဝန်ထမ်း ၃ ဦးတို့ရက်စက်စွာ အသတ်ခံရပြီး ဆရာ ၉ ဦး၊ ဆရာမ ၁၄ ဦး၊ ဝန်ထမ်း ၅ ဦးတို့ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ ပညာရေးဝန်ထမ်းများအား ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- PDF အကြမ်းဖက်သမားများက ကူတော့ပလ္လင် ကျေးရွာနေ အမှတ်(၁၀) အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့။
- အကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် ဧပြီလ ၂၀ ရက်အထိ သေဆုံးသူ ဆရာ ၁၁ ဦး၊ ဆရာမ ၁၃ ဦး၊ ဝန်ထမ်း ၃ ဦး၊ စုစုပေါင်း ၂၇ ဦးနှင့် ဒဏ်ရာရရှိသူ ဆရာ ၉ ဦး၊ ဆရာမ ၁၄ ဦး၊ ဝန်ထမ်း ၅ ဦး၊ စုစုပေါင်း ၂၈ ဦး တို့ရှိပြီဖြစ်။
Add new comment